ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၂ ရက်
မြောက်ဦးဆေးရုံတိုက်ခိုက်ခံရပြီးနောက်လူများစွာသေဆုံးရမှုက လူသားမျိုးနွယ်ပေါ်ကျူးလွန်မှုဖြစ်ကာ ဒေသခံများအတွက်ကျန်းမာရေးစောင့်ရှောက်မှု ရပ်တန့်သွားသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ တက်ဒရော့စ်က ပြောကြားသည်။
မြောက်ဦးဆေးရုံလေကြောင်းတိုက်ခိုက်ခံရမှုကြောင့်သေဆုံးသူ ၃၅ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၇၆ ဦးရှိကြောင်းသိရသည်။
ယမန်နေ့က မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ မြောက်ဦးဆေးရုံ တိုက်ခိုက်မှုအပေါ် စိတ်မချမ်းမြေ့ကြောင်းပြောကြားခဲ့ပြီး ယင်းတိုက်ခိုက်မှုကြောင့် ထောင်ပေါင်းများစွာသောလူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုရယူသုံးစွဲနိုင်မှုကို ပြင်းထန်စွာ အနှောင့်အယှက်ဖြစ်စေကြောင်း ၎င်းက ဆိုသည်။
“ကျန်းမာရေးစောင့်ရှောက်မှုအပေါ် တိုက်ခိုက်မှုတိုင်းက လူသားမျိုးနွယ်အပေါ် တိုက်ခိုက်မှုဖြစ်လို့ ကျန်းမာရေးအဆောက်အအုံတွေ လူနာတွေနဲ့ ကျန်းမာရေးဝန်ထမ်း
တွေကို အချိန်တိုင်းကာကွယ်ပေးရမယ်။ ကျန်းမာရေးစောင့်ရှောက်မှုအပေါ် တိုက်ခိုက်မှုတွေရပ်တန့်ပါ” ဟု ၎င်းက တိုက်တွန်းပြောကြားသည်။
မြောက်ဦးဆေးရုံသည် ဒေသအတွက် အဓိကဆေးကုသမှုရင်းမြစ်တစ်ခုဖြစ်ပြီးအရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု၊ သားဖွားစောင့်ရှောက်မှုနှင့် ခွဲစိတ်မှုတို့ကိုပံ့ပိုးပေးနေသည့်ကျန်းမာရေးစောင့်ရှောက်မှုဌာန ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ထံမှ သိရသည်။
” ဒီတိုက်ခိုက်မှုဟာ ဒေသခံလူမှုအဝန်းအဝိုင်းတစ်ခုလုံးအတွက် ကျန်းမာရေးစောင့်ရှောက်မှု ရယူသုံးစွဲနိုင်မှုကို ရပ်တန့်စေမယ်” ဟု WHO အကြီးအကဲ တက်ဒရော့စ်က ဆိုသည်။
ယခုဖြစ်ရပ်သည် ယခုနှစ်အတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ အတည်ပြုပြီးသော ကျန်းမာရေးစောင့်ရှောက်မှုဌာနများအပေါ် တိုက်ခိုက်မှု ၆၇ ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – WHO