ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၁ ရက်
တရုတ်အစိုးရ၏ ကြားဝင်ကူညီမှုဖြင့် အာဏာသိမ်း စစ်ကော်မရှင် ရရှိသွားသော မိုးကုတ်-မိုးမိတ်ဒေသကို ပြန်လည်ထိန်းချုပ်နိုင်အောင် ပြည်သူနှင့်အတူ တိုက်ပွဲဝင်လျက်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံးထံက သိရသည်။
လက်ရှိတွင် မိုးကုတ်-မိုးမိတ် နယ်မြေများကိစ္စနှင့် ပတ်သက်၍ အများစုက NUG အပေါ် မျှော်လင့်ချက်များထားပြီး စောင့်ကြည့်ကြသည်ကို ၎င်းတို့အနေဖြင့် ရှင်းရှင်းလင်းလင်း သိထားကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ယနေ့ ဒီဇင်ဘာ ၁၁ ရက်တွင် ပြည်သူနှင့် နိုင်ငံတကာကို သတင်းစကား ပြောရာ၌ ပြောကြားခဲ့သည်။
“စစ်ကော်မရှင်တပ်ကို ပြည်သူနဲ့ လက်တွဲလို့ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်လျက်ရှိနေပြီး နယ်မြေစိုးမိုးထိန်းချုပ်နိုင်မှု ပြန်လည်ရရှိရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်” ဟု ၎င်းက ပြောသည်။
သို့သော် ထိလွယ်ရှလွယ်ဖြစ်သော နိုင်ငံရေး၊ စစ်ရေးအခြေအနေ အရပ်ရပ်အပေါ် မူတည်ပြီး တရားဝင်ထုတ်ပြန်ချက်များအား အဆောတလျင် မထုတ်ပြန်နိုင်သည်ကိုမူ နားလည်ပေးနိုင်ကြမည်ဟု ယုံကြည်ပါကြောင်း ဦးနေဘုန်းလတ်က ဆက်လက်ပြောကြားသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်အနေဖြင့် မိုးကုတ်-မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို ယခုနှစ်၊ နိုဝင်ဘာ ၉ ရက်တွင် စတင်ဖွဲ့စည်း၍ ဒေသတွင်းရှိ PDF, ပကဖ တပ်ရင်းများအား စုစည်းထားကြောင်း သိရသည်။
ထိုသို့ စုစည်းလျက် အမိန့်ပေးကွပ်ကဲမှု စနစ်တစ်ခုတည်းအောက်ကနေ စစ်ဆင်ရေးကိစ္စများကို ၎င်းတို့အနေဖြင့် စနစ်တကျကွပ်ကဲ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်၏ ပြောကြားချက်အရ သိရသည်။
တချိန်တည်း၌ပင် စစ်ရေးကိစ္စများ မစတင်မီ ထိခိုက်လွယ် ဒေသခံပြည်သူများအား ဘေးလွတ်ရာ ရှောင်တိမ်းနိုင်ရန်နှင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန် ထောက်ပံ့ကူညီမှုများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဆက်လက်ဆိုသည်။
ယင်းပြင်ဆင်မှုများအားလုံး ပြုလုပ်ပြီးချိန် နိုဝင်ဘာ ၃၀ ရက်၊ ညပိုင်းမှစတင်၍ ဒီဇင်ဘာ ၆ ရက်အထိ တိုက်ပွဲကြီး ၉ ပွဲ ဆင်နွှဲပြီးနောက်တွင် စစ်ကော်မရှင်တပ်များ စိုးမိုးထားသည့် စခန်းကုန်းကြီးတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း NUG ၏ ပြောကြားချက်အရ သိရသည်။