နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၁ ရက်

စစ်ကော်မရှင်က အာဏာသိမ်းပြီးနောက် အရပ်သားများနှင့် စာသင်ကျောင်း၊ ဆေးရုံ/ဆေးခန်းများကို လေကြောင်းဖြင့် အကြိမ် ၄၂၀၀ ကျော် တိုက်ခိုက်၍ ကလေးသူငယ်အပါအဝင် ပြည်သူ ၄၅၀၀ နီးပါး သေဆုံးသွားခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံမှ သိရသည်။

ထိုလေကြောင်း တိုက်ခိုက်မှုများကို NUG လူ့အခွင့်အရေးဝန်ကြီးဌာနမှ အချက်အလက်များ ကောက်ယူ ထားပြီး အသက်မပြည့်သေးသော ကလေးသူငယ် ၈၇၆ ဦးအပါအဝင် ပြည်သူသေဆုံးမှု ၄,၄၇၀ ဦး ရှိသဖြင့် စိတ်မချမ်းမြေ့ဖွယ် ဖြစ်ရကြောင်း NUG ဝန်ကြီးချုပ်ရုံး၏ ပြောခွင့်ရက ယနေ့ဒီဇင်ဘာ ၁၁ ရက်တွင် ပြောကြားသည်။

“ဆက်လက်ပြီး သေဆုံးမှု ကိန်းဂဏန်းတွေဟာလည်း မြင့်တက်လျက်ရှိနေပါတယ်။ ဒါ့အပြင် လေကြောင်း တိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း၊ ဆေးရုံ/ဆေးခန်းတွေနဲ့ ဘာသာရေး အဆောက် အအုံတွေ ပျက်စီးဆုံးရှုံးခဲ့တာကို တွေ့မြင်နိုင်ပါတယ်” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဆိုသည်။

စစ်ကော်မရှင်၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် စာသင်ကျောင်း ၄၁၀ ၊ ဆေးရုံ၊ ဆေးခန်း ၁၃၉ ခုနှင့် ဘာသာရေးအဆောက်အအုံ ၆၂၁ ခုတို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ပြည်သူနှင့် နိုင်ငံတကာသို့ သတင်းစကားပါးရာ တွင် NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရှိသူက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် စစ်ကော်မရှင်၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများသည်လည်း ၄၇၅ မှုရှိပြီး အပြစ်မဲ့ ပြည်သူ ၄,၉၆၅ ဦး သေဆုံးကာ ယင်းအထဲတွင် အသက်မပြည့်သေးသော ကလေးသူငယ် ၅၆၁ ဦးနှင့် အမျိုးသမီး ၈၈၂ ဦးတို့ ပါဝင်သတ်ဖြတ်ခံရကြောင်း ၎င်းက ဆက်လက်ပြောသည်။

ယင်းအတူ အာဏာသိမ်းပြီးနောက် တပ်အင်အား လျော့နည်းပြုန်းတီးမှုများအတွက် အသက်သွင်းခဲ့သော စစ်မှုထမ်း ဥပဒေဖြင့် စစ်ကော်မရှင်က အဓမ္မစစ်သားစုဆောင်းမှုများသည် လက်ရှိအထိ ဖြစ်စဉ်ပေါင်း ၁,၆၇၈ ခုရှိ၍ ပြည်သူ ၃၁,၀၈၆ ဦး စုဆောင်းခံရကြောင်း NUG ထံမှ သိရသည်။

“အများဆုံး အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းခံနေရတဲ့ နေရာဒေသဟာ မန္တလေးတိုင်း ဖြစ်နေပြီး ရခိုင်ပြည်နယ်က ဒုတိယအများဆုံး စစ်မှုထမ်းလူဦးရေ စုဆောင်းခံနေရတာကို တွေ့ရကြောင်း တင်ပြလိုပါတယ်” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်၏ ပြောကြားချက်အရ သိရသည်။

ဓာတ်ပုံ-MOI