ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၁ ရက်
ပြင်ဦးလွင်ကို ဘက်စုံဖွံ့ဖြိုးတက်ရေးဆောင်ရွက်နေသည်ဟုဆိုကာ ပြင်ဦးလွင်ဘူတာကြီးအနီးတွင် မီးရထားဘူတာဆောက်လုပ်ရေးနှင့် အဆင့်မြင့်ဈေးသစ်ကြီးတည်ဆောက်ရန်ယနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် စတင်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။
ပြင်ဦးလွင်ဘူတာကြီးရှေ့တွင် ယင်းစီမံကိန်းအကြောင်းဆိုင်းဘုတ်ထောင်ထားကာ သတင်းစာရှင်းလင်းပြီးနောက် ဆိုင်းဘုတ်ပြတ်ဖြုတ်သွားကြောင်းသိရသည်။
လက်ရှိတွင်ဘူတာကြီးခြံစည်းရိုးများကိုဖျက်လိုက်ကာ မြေနေရာရှင်းလင်းရေး၍ စီမံကိန်းမြေ ဧရိယာသတ်မှတ်၍ အလံတိုင်များထောင်းထားပြီး ဘူတာကြီးရှေ့တွင် မီးရထားစက်ခေါင်းတစ်ခုချ ထားကြောင်း ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောကြားသည်။

ပြင်ဦးလွင်ဘူတာကြီးအနီးပတ်ဝန်းရှိဈေးဆိုင်ခန်းများကို ယခင်ကတည်းကရှင်းလင်းထားပြီး ကျန်ရှိနေသည့် ဘူတာဈေးသည်များ ယခုလနောက်ဆုံးထားဖယ်ရှားမည်ဖြစ်ကာ အစားထိုးနေရာပေး၊ မပေးမသိရသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“ ပြင်ဦးလွင်ဘူတာကြီးအနီးမှာ မီးရထားဟိုတယ်နှင့် အဆင့်မြင့်ဈေးသစ်ကြီးတစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြင်ဦးလွင်သို့ လာရောက်လည်ပတ်သည့် ခရီးသွားများ အဆင်ပြေစွာတည်းခိုနိုင်ရေး တည်းခိုသည့်နေရာများကိုပါ ထည့်သွင်းတည် ဆောက်ပေးသွားမည်ဖြစ်ကြောင်း” စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာ ၆ ရက်နေ့တွင် ပြောကြားထားသည်။
ထို့ပြင် မြို့မဈေးကြီးကိုလည်း မြို့ပြအဆင့်မီစွာဖြင့် အဆင့်မြှင့်တင်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ အခြားသော မြို့ပြအဆင့်မြှင့်တင်မှုစီမံကိန်းများကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောဆိုထားသည်။
ယင်းပြင် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းလုပ်ငန်းပြန်လည်စတင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတော်၏ ဆက်သွယ်ရေးနည်းပညာများ တိုးတက်ရေးအတွက် Silicon Village အဖြစ်ရည်ရွယ်ထားကြောင်းလည်း ပြောဆိုထားသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်