နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၁ ရက်
စစ်ကော်မရှင်သည် လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၁)ကို ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ရပ်ကွက် ၃ ခုတွင်သာ ကျင်းပနိုင်တော့မည်ဖြစ်ပြီး၊ နိုင်ငံတစ်ဝန်း မြို့နယ် ၁၀၂ မြို့နယ်မှ စုစုပေါင်း ၁,၄၃၉ ခု တွင် ပြုလုပ်နိုင်မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။
စစ်ကော်မရှင်သည် ယခုလာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် နိုင်ငံတစ်ဝန်းရှိ မြို့နယ် ၁၀၂ မြို့နယ်၌ ရွေးကောက်ပွဲ အပိုင်း(၁) ပြုလုပ်ရန် စီစဉ်နေပြီး ထိုအထဲ ကရင်ပြည်နယ်၊ ဘားအံ၊ မြဝတီနှင့် သံတောင်ကြီးမြို့နယ်တို့လည်း ပါဝင်သည်။
သို့သော် စစ်ကော်မရှင်က ရွေးကောက်ပွဲ အပိုင်း (၁) မပြုလုပ်နိုင်သည့် ဒေသများ စာရင်းကို ထုတ်ပြန် ခဲ့ရာတွင် ကရင်ပြည်နယ်ရှိ ထိုသုံးမြို့နယ်အပါအဝင် နိုင်ငံတစ်ဝန်း ရှိ မြို့နယ်များမှ ရပ်ကွက် ၁၃၃ ခုနှင့် ကျေးရွာအုပ်စု ၁,၃၀၆ ခု၊ စုစုပေါင်း ၁,၄၃၉ ခု တို့ ပါဝင်ကြောင်း သိရသည်။
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ရပ်ကွက် ၁၉ ခု၊ ကျေးရွာအုပ်စု ၅၉ ခုရှိသည့်အနက် စစ်ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ရပ်ကွက် ၁၆ ခုနှင့် ကျေးရွာအုပ်စု ၅၉ ခုလုံး တို့တွင် ရွေးကောက်ပွဲ မပြုလုပ်နိုင်ဟုပါဝင်နေသည်။ ထို့ကြောင့် မြို့ပေါ်ရှိ ကျန်ရှိသည့် ရပ်ကွက်သုံးရပ်ကွက်၌သာ ရွေးကောက်ပွဲ အပိုင်း (၁) ကို ပြုလုပ်သွားမည့် အခြေအနေရှိနေကြောင်း တွေ့ရှိရသည်။
ကရင်ပြည်နယ်ရှိ ကျန်နှစ်မြို့နယ်ဖြစ်သော ဘားအံတွင် ရပ်ကွက် ၉ ခု၊ ကျေးရွာအုပ်စု ၉၁ ခုအနက် ကျေးရွာအုပ်စု ၁၂ ခု၊ မြဝတီတွင် ရပ်ကွက် ၁၀ ခု၊ ကျေးရွာအုပ်စု ၁၇ ခုအနက် ရပ်ကွက် ၃ ခုနှင့် ကျေးရွာအုပ်စု ၁၃ ခုတို့သည် ရွေးကောက်ပွဲ အပိုင်း(၁) မပြုလုပ်နိုင်သည့် စာရင်းတွင် ပါဝင်နေကြောင်း သိရသည်။
အလားတူ ကချင်ပြည်နယ်ရှိ တနိုင်း၊ ခေါင်လန်ဖူး၊ မိုးညှင်းနှင့် မြစ်ကြီးနားမြို့နယ်တို့မှ ရပ်ကွက် ကျေးရွာအုပ်စု ၄၅ ခု၊ ကရင်နီပြည်ရှိ ဘောလခဲနှင့် လွိုင်ကော်မြို့နယ်တို့မှ ရပ်ကွက်ကျေးရွာအုပ်စု ၁၂ ခုတို့တွင်လည်း ရွေးကောက်ပွဲ ပြုလုပ်နိုင်မည်မဟုတ်ကြောင်း သိရသည်။
ထို့အပြင် ချင်းပြည်နယ်ရှိ တီးတိန်နှင့် ဟားခါးမြို့နယ်တို့မှ ၈၆ ခု၊ စစ်ကိုင်းတိုင်းရှိ ကလေး၊ ကသာ၊ ကန့်ဘလူ၊ ခန္တီး၊ စစ်ကိုင်း၊ တမူး၊ မုံရွာ၊ ရွှေဘိုနှင့် ဟုမ္မလင်းမြို့နယ်တို့မှ ၄၆၀ ခုတို့တွင်လည်း စစ်ကော်မရှင်က ရွေးကောက်ပွဲ အပိုင်း(၁) မပြုလုပ်နိုင်သည့် ရပ်ကွက်ကျေးရွာအုပ်စုများထဲတွင် ပါဝင်နေသည်။
ယင်းအပြင် တနင်္သာရီတိုင်းရှိ သုံးမြို့နယ်မှ ၃၇ ခု၊ ပဲခူးတိုင်းရှိ လေးမြို့နယ်မှ ၄၉ ခု၊ မကွေးတိုင်းရှိ ရှစ်မြို့နယ်မှ ၂၇၂ ခု၊ မန္တလေးတိုင်း လေးမြို့နယ်မှ ၇၁ ခု၊ မွန်ပြည်နယ် သုံးမြို့နယ်မှ ၇၅ ခု၊ ရခိုင်ပြည် နှစ်မြို့နယ်မှ ၇၁ ခုတို့တွင်လည်း ရွေးကောက်ပွဲ အပိုင်း (၁) ကို ကျင်းပနိုင်မည် မဟုတ်ပေ။
ရှမ်းပြည်နယ် သုံးမြိုနယ်တွင် ၁၅၆ ခုနှင့် ဧရာဝတီတိုင်း နှစ်မြို့နယ်မှ ၂ ခုတို့ ပါဝင်နေသလို စစ်ကော်မရှင်က ရွေးကောက်ပွဲ ပြုလုပ်မည်ဆိုသော ကျန်ရှိဒေသများမှာလည်း ၎င်းတို့ထိန်းချုပ် ထားသည့် ဒေသတချို့နှင့် မြို့ပေါ်လောက်သာ ဖြစ်နေသည်ကို တွေ့ရသည်။
ဓာတ်ပုံ -MOI