ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၁ ရက်

 

စစ်ကော်မရှင်မှ အာဏာသိမ်းထားသည့် လေးနှစ်ကျော်ကာလအတွင်း ပြီးခဲ့သည့်ဒီဇင်ဘာ ၉ ရက်နေ့အထိ စာရင်းများအရ အရပ်သား ၁၀ ဦးနှင့်အထက်သေဆုံးခဲ့ရသည့်အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ်ပေါင်း ၉၅ ကြိမ်အထိရှိခဲ့ပြီး ၁၈၆၁ ဦးသေဆုံးခဲ့ကြောင်း ISP Myanmar ထံက သိရသည်။

 

ရခိုင်ပြည်နယ်တွင် ယမန်နေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ညပိုင်းက မြောက်ဦးမြို့နယ်ဆေးရုံကြီးကို စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးဖြင့် လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ လက်ရှိအချိန်အထိ မွေးကင်းစကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များအပါအဝင် အရပ်သား ၃၃ ဦးအထိသေဆုံးခဲ့ပြီး ၇၆ ဦးအထိ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အရပ်သားအစုလိုက်အပြုံလိုက်ဖြစ်စဉ်များတွင် အဓိကအားဖြင့် လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် သေဆုံးရခြင်းဖြစ်ကာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ် စုစုပေါင်း၏ ၅၉ ရာခိုင်နှုန်းအထိရှိနေကြောင်း သိရသည်။

 

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ်များမှာ ရန်ကုန်တိုင်းမှလွဲ၍ နိုင်ငံအနှံ့ဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတိုင်းတွင် ၄၁ ကြိမ်ဖြင့် အများဆုံးဖြစ်ကာ အရပ်သား ၁၇၀ ကျော်အထိသေဆုံးခဲ့သည့် ပဇီကြီးလေကြောင်းတိုက်ခိုက်မှုမှာလည်း သေဆုံးမှုအများဆုံးဖြစ်စဉ်တစ်ခုဖြစ်‌ခဲ့သည်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုများတွင် လေကြောင်းတိုက်ခိုက်ခံရမှုအပြင် စစ်ကြောင်းထိုးမီးရှို့သတ်ဖြတ်ခံရခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှု‌ကြောင့် သေဆုံးရခြင်း၊ စစ်ကြောင်းထိုး သတ်ဖြတ်ခံရခြင်းတို့ကြောင့် သေဆုံးခြင်းများလည်း ပါဝင်သည်။

 

ထို့ပြင် တော်လှန်ရေးတပ်ဖွဲ့များမှကျူးလွန်ခဲ့သည့်အစုလိုက်အပြုံလိုက်ဖြစ်စဉ် လေးခုလည်းပါဝင်ခဲ့ပြီး အရပ်သား ၈၅ ဦးသေဆုံးခဲ့ကာ ၎င်းမှာ ပဋိပက္ခကာလအတွင်း အရပ်သားများအပေါ်ကာကွယ်ပေးနိုင်စွမ်း နိမ့်ကျကြောင်းကို ပြသသည့်အခြေအနေဖြစ်ကြောင်းလည်း ISP Myanmarက ပြောဆိုခဲ့သည်။

 

ဓာတ်ပုံ – Wai Han Aung၊ လူမှုကွန်ရက်
ပုံစာ – ဒီဇင်ဘာ ၁၀ ရက်နေ့မြောက်ဦးဆေးရုံ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်