ဧရာ၀တီတိုင်းမ်
(ချောက်)၊ ဒီဇင်ဘာ ၁၁ ရက်
မကွေးတိုင်း၊ ချောက်မြို့နယ်၊ စလေမြို့ရှိ ပျူစောထီးခေါင်းဆောင် မိုးအောင် သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ အနီးကပ်တိုက်ခိုက်မှုကြောင့် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း မကွေးတိုင်း စစ်ဌာန အမှတ်(၁) တပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံမှ သိရသည်။
ချောင်းပိုက်ရွာမှ ပျူစောထီးခေါင်းဆောင် မိုးအောင်ကို ယမန်နေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ နေ့လယ် ၁ နာရီဝန်းကျင်တွင် စလေ-ရှင်ပင်စာကြိုလမ်းပေါ်ရှိ လက်ပံစားသောက်ဆိုင်၌ မူးယစ်သောက်စားနေစဉ် PDF တပ်ဖွဲ့ဝင်များက လျှပ်တပြတ် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
တိုက်ခိုက်မှုအပြီးတွင် သေနတ်တစ်လက်၊ ကျည်ဘောက်တစ်ခုနှင့် ကျည် ၁၀ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ထံမှ သိရသည်။
သေဆုံးသူ ပျူစောထီးခေါင်းဆောင် မိုးအောင်သည် စလေမြို့တွင် နာမည်ဆိုးဖြင့် ကျော်ကြားပြီး စစ်ကော်မရှင်တပ်အတွက် စစ်သားသစ်စုဆောင်းခြင်း၊ တော်လှန်ရေးတွင် ပါဝင်သည်ဟုဆိုကာ ပြည်သူများကို ဖမ်းဆီး၊ ခြိမ်းခြောက်၊ ငွေညှစ်ခြင်းများ လုပ်ဆောင်နေသူဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များ၏ပြောကြားချက်အရ သိရသည်။
“ပျူခေါင်းဆောင် မိုးအောင်ဟာ စလေမြို့မှာ ဒေသခံပြည်သူတွေကို ဒုက္ခမျိုးစုံ ပေးနေသူဖြစ်ပါတယ်။ သူ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အကြိမ်ကြိမ် သတိပေးခဲ့ပြီးဖြစ်ပါတယ်။ အခုလဲ ပြည်သူတွေအပေါ် ဒုက္ခပေးတာ တအားများလာလို့ လုပ်ဆောင်လိုက်တာဖြစ်ပါတယ်” ဟု မကွေးတိုင်း စစ်ဌာန အမှတ်(၁) တပ်ရင်း ပြည်သူကာကွယ်ရေးတပ်မတော်မှ တာဝန်ရှိသူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါ ပျူစောထီးခေါင်းဆောင် သတ်ဖြတ်ခံရပြီးနောက် လက်ရှိအချိန်ထိ စလေမြို့ပေါ်တွင် လုံခြုံရေး တင်းကျပ်ထားပြီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ ထို့အပြင် တိုက်ခိုက်ခံရသည့် စားသောက်ဆိုင်ပိုင်ရှင်ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။