ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၁ ရက်

 

စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ပြစ်မှုများကို တရားဥပ‌ဒေအရ‌ အရေး ယူနိုင်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာ ရာဇဝတ်တရားရုံးအပါအဝင် နိုင်ငံတကာအဖွဲ့ အစည်းများထံတောင်းဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့ ဒီဇင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်သည်။

 

ယမန်နေ့ အပြည်ပြည်ဆိုင်ရာလူ့ခွင့်အရေးနေ့တွင် ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့ရှိ မြောက်ဦးရှိ ပြည်သူ့ဆေးရုံကို စစ်တပ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူအစုလိုက်အပြုံလိုက်သေဆုံးရကာ အပြစ်မဲ့ အရပ်သားပြည်သူ ၃၅ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၇၆ ဦးရှိကြောင်းသိရသည်။

အဆိုပါအရပ်သားပြည်သူများ၊ အရပ်ဘက်အဆောက်အအုံများနှင့် လူသားချင်း စာနာမှုဆိုင်ရာ ပစ်မှတ်များအပေါ် စစ်အုပ်စု၏ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေမှုများအားလုံးကို ချက်ချင်း အဆုံးသတ်နိုင်ရန်အတွက် ထိရောက်ပြင်းထန်သည့် ဖိအားပေးဆောင်ရွက်မှုများ၊ အရေးယူမှုများ အမြန်ဆုံး ပြုလုပ်သွားရန် NUG က နိုင်ငံတကာ အသိုင်းအဝိုင်းသို့ တောင်းဆိုထားသည်။

 

စစ်အုပ်စု၏ ဤလုပ်ရပ်သည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL) နှင့် လူ့အခွင့်အရေးဆိုင်ရာ ဥပဒေများ၏ အခြေခံမူများကို ချိုးဖောက်သည့် အဆိုးဝါးဆုံး စစ်ရာဇဝတ်မှု (War Crimes)၊ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု (Massacre) ဖြစ်ပြီး အရပ်ဘက် ပစ်မှတ်ဖြစ်သော ဆေးရုံကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုမြောက်ကြောင်းသိရသည်။

” စစ်အုပ်စုက မြန်မာနိုင်ငံအနှံ့ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ အဆောက်အဦးများ အပေါ် တိုက်ခိုက်မှု ပေါင်း ၁,၆၀၀ကျော်ကျူးလွန်ခဲ့ကြောင်း” NUG ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

ရခိုင်ပြည်နယ် မြောက်ဦးမြို့ မြောက်ဦးခရိုင် ပြည်သူ့ဆေးရုံကြီး ဗုံးကြဲတိုက်ခိုက်ခံရမှု၌ ထိခိုက်ဆုံးရှုံး ခဲ့ရသည့် ပြည်သူလူထုအားလုံးအတွက် တရားမျှတမှုပြန်လည်ရရှိရေးကို ရခိုင်ပြည်သူလူထုနှင့်အတူ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်အတူ လက်တွဲ၍ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ကတိပြုကြောင်း ဖော်ပြထား သည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်