ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၁ ရက်

 

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တိုက်ပွဲများအတွင်း ကမ္ဘောဒီးယားဘက်ခြမ်းမှ ယူနက်စကိုအမွေအနှစ်စာရင်းဝင် Preah Vihear ဘုရားကျောင်းနှင့် အခြားရှေးဟောင်းဘုရားကျောင်းတစ်ခုဖြစ်သည့် Ta Kwaiဘုရားကျောင်းတို့ တိုက်ခိုက်ခံရမှုကို စိုးရိမ်ကြောင်း ယူနက်စကိုအဖွဲ့အစည်းက ပြောဆိုခဲ့သည်။

 

Ta Kwaiဘုရားကျောင်းသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်နေ့ကဖြစ်ပွားလဲ့သည့် နှစ်ဖက်တိုက်ပွဲအတွင်း ကြီးမားသည့်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။

 

အလားတူ ယူနက်စကိုအမွေအနှစ်စာရင်းဝင် Preah Vihear ဘုရားကျောင်းဝန်းရှိ ကမ္ဘောဒီးယားစစ်တပ်အခြေစိုက်တာဝါတိုင်များကိုလည်း ထိုင်းဘက်မှဖျက်ဆီးခဲ့ပြီး Preah Vihear ဘုရားကျောင်းကိုပျက်စီးမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း ကမ္ဘောဒီးယားဘက်မှ ပြောဆိုခဲ့ကြသည်။

ထိုင်းစစ်တပ်အာဏာပိုင်များကမူ တိုက်ပွဲအတွင်း ရှေးဟောင်းယဉ်ကျေးမှုအဆောက်အအုံကာကွယ်‌ရေးကို Haugeကွန်ဗန်းရှင်းနှင့်အညီ ၎င်းတို့လိုက်နာသော်လည်း ကမ္ဘောဒီးယားအနေဖြင့် အဆိုပါနယ်မြေများတွင် စစ်တပ်စခန်းများအခြေစိုက်ထားသည့်အတွက် ချွင်းချက်အနေဖြင့်တိုက်ခိုက်ခဲ့ပြီး ဥပဒေအရအကာအကွယ်မရှိတော့ကြောင်းလည်း ပြောဆိုခဲ့သည်။

 

ယူနက်စကိုအနေဖြင့်လည်း အမွေအနှစ်ဒေသကို အနီးကပ်စောင့်ကြည့်နေပြီး ပျက်စီးဆုံးရှုံးမှုများကို ကာကွယ်ရန်အတွက် တိကျသည့်ကိုဩဒိနိတ်အမှတ်အသားများကို နှစ်နိုင်ငံတာဝန်ရှိသူများကို ပေးအပ်ထားပြီး လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်များကိုလည်း လိုက်နာရန် သတိပေးခဲ့ကြောင်း သိရသည်။

 

ထို့ပြင်ယူနက်စကိုက ၎င်းတို့အဖွဲ့အစည်းအနေဖြင့် အခြေအနေပေးပါက ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းများကို ကာကွယ်ရန် နည်းပညာအကူအညီများပေးအပ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ကိုးကား – The Nation Thailand