ဆောင်းပါးရှင်-မောင်ကောင်း
(ဧရာ၀တီတိုင်းမ် ၊ ဒီဇင်ဘာ ၁၀ ရက်)
ရန်ကုန်မြို့လယ်၏ နေ့လယ်ခင်းသည် ပုံမှန်အတိုင်း ပူပြင်းခြောက်သွေ့နေမြဲဖြစ်သည်။ ကတ္တရာလမ်း များမှနေ၍ တံလျှပ်လို လှိုင်းထနေသည့် အပူငွေ့များကို မြင်နေရသည်။ လူအနည်းငယ်သည် လိုရာ ခရီးသွားရန်အတွက် (၁၀) စျေးမှတ်တိုင်ဟု သိထားကြသော သာကေတမြို့နယ်အတွင်းရှိ ကားမှတ်တိုင် တွင် သူတို့နှင့် သက်ဆိုင်သည့် ဘက်စ်ကားများကို စောင့်ဆိုင်းလျက်ရှိနေကြသည်။
ထိုသို့ စောင့်ဆိုင်းနေကြသူများတွင် အသက် ၃၄ နှစ်အရွယ် မချိုမာလည်း ပါဝင်သည်။ နေပူဒဏ်ကို ခံနိုင်ရည်ရှိအောင် ကြိုးစားရပ်နေရင်း မချိုမာထံမှ သူမ၏ နာကျင်မှုနှင့်အတူ ဆုံးဖြတ်ချက်ချထားသည့် စကားတစ်ခွန်း ထွက်ကျလာသည်။
“ကျွန်မကတော့ ကားစောင့်စီးလို့ နေပူရင်တောင် အဲ့ဒီ ဆိုင်းဘုတ်တွေရဲ့ အရိပ်မှာ မခိုဘူး၊ နာလွန်းလို့”
မချိုမာက သူမနှင့် ခြောက်ပေခန့်သာကွာသည့် အပြိုင်အဆိုင် ထောင်ထားသော ဆိုင်းဘုတ်လေးခုကို ညွှန်းဆို၍ ပြောလာခြင်းဖြစ်သည်။ ထိုဆိုင်းဘုတ်များမှာ စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို ဝင်ပြိုင်ရန်အတွက် မဲဆွယ်စည်းရုံးနေသည့် နိုင်ငံရေးပါတီအချို့မှ ကိုယ်စာလှယ်လောင်းများ၏ မဲဆွယ်ပိုစတာများဖြစ်သည်။
မချိုမာ၏ အဆိုပါစကားသည် တရားဝင်မှုမရှိသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲဟု ခံယူထားသည့် မြန်မာပြည်သူများ၏ သဘောထားကို ကိုယ်စားပြုနေပြီး သူတို့သည် တိတ်ဆိတ်သော ဆန့်ကျင်မှု များဖြင့် ရွေးကောက်ပွဲအပေါ် တုံ့ပြန်လျက်ရှိနေကြခြင်းပင် ဖြစ်သည်။
ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်ဘက်တွင်ရှိနေသည့် စစ်ကော်မရှင်သည် ၅ နှစ်နီးပါးကြာ အဓမ္မသိမ်းယူ ထားသည့် အာဏာကို နိုင်ငံရေးအရ တရားဝင်မှုကို လိုချင် ၍ ရွေးကောက်ပွဲအတု ပြုလုပ်ရန် ပြင်ဆင်နေသော်လည်း နိုင်ငံတကာ၏ ပြင်းထန်သော ဝေဖန်မှုနှင့်သာ ရင်ဆိုင်နေရသည်။
စစ်အုပ်စု၏ ရွေးကောက်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံကို ဆက်လက်ထိန်းသိမ်းကာ စစ်တပ်ဦးဆောင်သည့် အရပ်သားအစိုးရတစ်ရပ်ဖန်တီး၍ အာဏာရှင်စနစ်ကို အသက်ဆက်ရန် ကြိုးပမ်းခြင်းပင်ဖြစ်သည်။
စစ်ကော်မရှင်၏ အဆိုပါ လုပ်ရပ်သည် မြန်မာနိုင်ငံကို နောက်ပြန်လှည့်သွားစေမည်ဟု ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက သတိပေးထားသော်လည်း တရုတ်၊ ရုရှားတို့၏ ကျောထောက်နောက်ခံဖြင့် ဟန်ပြရွေးကောက်ပွဲကို ကျင်းပနိုင်ရန် ဆက်လက် ကျူးလွန်လျက်ရှိသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူး (Tom Andrews) ၏ အောက်တိုဘာ ၂၂ ရက်က အာဆီယံခေါင်းဆောင်များထံ တိုက်ရိုက်ပန်ကြားသော ထုတ်ပြန်ချက်တွင် စစ်အုပ်စု၏ ရွေးကောက်ပွဲကို ငြင်းဆိုကြောင်း ပြတ်သားစွာ ပြောကြားခဲ့သည်။
“စစ်ကောင်စီ(စစ်ကော်မရှင်)၏ လိမ်လည်မှုများဖြင့် ပြည့်နေသော ရွေးကောက်ပွဲကို အသိအမှတ်ပြုခြင်းသည် မြန်မာနိုင်ငံကို နောက်ပြန်လှည့်သွားစေခြင်းဖြစ်ပြီး ကာကွယ်ပေးလို့ မရနိုင်တဲ့ အရာကို ကာကွယ် ပေးခြင်း ဖြစ်ပါလိမ့်မယ်” ဟု တွမ်အင်ဒရူးက ဆိုသည်။
နိုင်ငံတကာ က စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် တရားဝင်မှုမရှိဟု သတ်မှတ်ထားသော်လည်း စစ်ကော်မရှင်ကမူ အင်အားသုံး၍ ဆက်လက်စီစဉ်နေသည်။ ပကတိ မြေပြင်အခြေအနေတွင် မတည်ငြိမ်မှုများရှိနေသည့်တိုင် ရွေးကောက်ပွဲကို ၃ ပိုင်းခွဲ၍ ကျင်းပရန် လုပ်ဆောင်လာသည်။
ရွေးကောက်ပွဲ အပိုင်း (၁) အဖြစ် ဒီဇင်ဘာ ၂၈ ရက်နေ့၊ အပိုင်း (၂) ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့ နှင့် အပိုင်း (၃) ကိုမူ နှစ်ပတ်အတွင်း ထပ်မံကျင်းပမည်ဟု စစ်ကော်မရှင်၏ ရွေးကောက်ပွဲကော်မရှင်က မရေမရာ ကြေညာထားသည်။
မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ ရှိသော်လည်း စစ်ကော်မရှင်က ၎င်းတို့၏ ရွေးကောက်ပွဲအပိုင်း (၁) ကို မြို့နယ်ပေါင်း ၁၀၂ မြို့နယ်တွင်လည်းကောင်း၊ ရွေးကောက်ပွဲ အပိုင်း (၂) ကို မြို့နယ်ပေါင်း ၁၀၀ တွင်လည်းကောင်း ကျင်းပမည်ဟု ထုတ်ပြန်ထားပြီး အပိုင်း (၃) အတွက်ကျင်းပမည်မြို့နယ်များကိုမူ တိတိပပ ထုတ်ပြန်ထားခြင်း မရှိပေ။
ထိုသို့ တိတိပပ ညွှန်းဆိုထားခြင်း မရှိသည့်အပြင် ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာထားသည့် ရွေးကောက်ပွဲအပိုင်း (၁)နှင့်အပိုင်း(၂) ကျင်းပမည့် မြို့နယ် ၂၀၂ ခုအနက် ရန်ကုန်တိုင်းနှင့် နေပြည်တော်တွင်သာ နေရာစုံ ကျင်းပနိုင်မည်ဖြစ်သည်။ ကျန်တိုင်းနှင်ပြည်နယ်များရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု စုစုပေါင်း ၂,၉၃၁ ခုတွင် ရွေးကောက်ပွဲများ ကျင်းပနိုင်မဟုတ်ကြောင်းကို ဒီဇင်ဘာ ၅ ရက်နေ့က ဝန်ခံထုတ်ပြန်ခဲ့သည်။
ထိုသို့ စစ်ကော်မရှင်ကိုယ်တိုင်က ကျင်းပနိုင်ခြင်းမရှိကြောင်း ဝန်ခံလိုက်ရခြင်းသည် ပါတီမစုံ၊ နေရာမစုံသည် ၎င်းတို့၏ တရားမဝင် ရွေးကောက်ပွဲကို ပျက်ပြားစေသည့်အပြင် တိုက်ပွဲဒဏ်သင့်သော နယ်မြေများတွင်မူ စစ်မှန်သော ရွေးကောက်ပွဲထက် စစ်မှုထမ်းဥပဒေနှင့် အသက်အန္တရာယ်ကလည်း ပိုမို ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာသည်။
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲကို ပြည်သူလူထုက ကျောခိုင်းရုံသာမက ၎င်းတို့၏ လှုပ်ရှားမှုတိုင်းကိုလည်း အသက်ဘေး အဖြစ်သာ ရှု့မြင်နေကြသည်။ ပဲခူးတိုင်း၊ တောင်ငူမြို့နယ် အတွင်း ပြီးခဲ့သည့် အောက်တိုဘာက ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တစ်ခုက သက်သေပြခဲ့သည်။
တောင်ငူမြို့နယ်တွင် စည်းရုံးရေးဆင်းလာသည့် နိုင်ငံရေးပါတီများသည် စစ်သားနှင့် ရဲများပါဝင်သော လုံခြုံရေးအပြည့်ဖြင့် လှုပ်ရှားရသောကြောင့် ဒေသခံပြည်သူများက ၎င်းတို့ကို စစ်မှုထမ်းစုဆောင်းရန် (ပေါ်တာဆွဲရန်) လာရောက်သည်ဟု ထင်မြင်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။
“တန်ဆောင်မုန်းလကွယ်တုန်းကပါ။ တောင်သူလယ်သမား ပါတီဆိုပြီး မဲဆွယ်စည်းရုံးရေးဆင်းတာ။ စစ်သားတွေနဲ့ရဲတွေ ပါလာတာမြင်တော့ ပေါ်တာဆွဲဖို့လာတယ်ထင်ပြီး ပြေးကြတာ။ ပြီးမှ ဆင်ဆိပ်ရွာမှာ မဲလာ ဆွယ်တာလို့ သိရတယ်။ သူတို့လာလို့ တစ်ယောက်မှကို မသွားရဲတော့ဘူး” ဟု တောင်ငူ ဒေသခံ ရွာသားတစ်ဦးက ဆိုသည်။
အဆိုပါဖြစ်ရပ်က ရွေးကောက်ပွဲဝင်ပြိုင်မည့် ပါတီများပင် ပြည်သူ့ဆန္ဒနှင့် လုံခြုံရေးအခြေအနေကြောင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် တိုင်ပင်ပြီးမှသာ စည်းရုံးရေးဆင်းရဲသည့် အခြေအနေကို ဖော်ပြ နေသည်။ ထို့အတူ ဒေသခံ ပြည်သူများသည် နိုင်ငံရေးပါတီ၏ မဲဆွယ်စည်းရုံးရေးထက် စစ်မှုထမ်း ဥပဒေနှင့် အသက်အန္တရာယ်ကိုသာ ပိုမိုစိုးရိမ်ထိတ်လန့်နေကြောင်း ထင်ရှားစေသည်။
စစ်ကော်မရှင်၏ ပေါ်တာဆွဲ စစ်မှုထမ်းခိုင်းခြင်းကို ကြောက်ရွံ့၍ ထွက်ပြေးနေရသကဲ့သို့ ရွေးကောက်ပွဲ အောင်မြင်စေရေးအတွက် အဓမ္မ ဖိအားပေးမှု ယန္တရားများကိုပါ တစ်နိုင်ငံလုံးတွင် အသုံးပြုလာသည်။
ယခုအခါ စစ်ကော်မရှင်၏ စုပေါင်းအဖွဲ့ဆိုသူများသည် ရပ်ကွက်များတွင် တစ်အိမ်တက်ဆင်း လိုက်လံ၍ မဲပေးနိုင်သူစာရင်းကို သန်းခေါင်းစာရင်းဖြင့် အတည်ပြု၍ ခြိမ်းခြောက် စစ်ဆေးနေသည်။ ထိုသို့ စာရင်းလိုက်ကောက်သူများတွင် စစ်မှုထမ်းဟောင်းများ၊ ရပ်ကွက်အတွင်း လူဆိုးစာရင်းပေါက် သူများ ပါဝင်ခြင်းကြောင့် ပြည်သူများက စိုးရိမ်ထိတ်လန့်လျက်ရှိသည်။
“မဲပေးမှာလားမေးတယ်။ မပေးဘူးလို့ပြောရင်လည်း ရွေးကောက်ပွဲကိုနှောက်ယှက်တယ်ဆိုပြီး ဖမ်းမှာ ကြောက်လို့ ပြန်မပြောရဲဘူး” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။
ထို့ပြင် မဲပေးမှုအရေအတွက် မြှင့်တင်ရန်အတွက်ဟုဆိုကာ တက္ကသိုလ်ကျောင်းသား ၃၀,၀၀၀ ခန့် ကိုလည်း ဖိအားပေး၍ အဓမ္မ ကြိုတင်မဲ ထည့်ခိုင်းခဲ့သည်။ စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက် ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ကြိုတင်မဲပေးခွင့်ရှိသည့် သတ်မှတ်ကာလ နိုဝင်ဘာ ၁၇ ရက်မှ ၂၁ ရက်အတွင်း တက္ကသိုလ်ကျောင်းသားပေါင်း ၂၈,၃၃၉ ဦး ကြိုတင်မဲပေးခဲ့ကြောင်း သိရသည်။
ပြည်သူအများစုသည် စစ်အုပ်စုက ကျင်းပမည့် ရွေးကောက်ပွဲအပေါ် ယုံကြည်မှု လုံးဝမရှိသောကြောင့် မဲပေးရန် စိတ်ဝင်စားမှုမရှိသည့်အပြင် ရွေးကောက်ပွဲ ဥပဒေဖြင့် အရေးယူခံရမည်ကို ကြောက်ရွံ့ခြင်း ကြောင့် တိတ်တဆိတ် နေထိုင်နေကြရသည်။
“ကျွန်မတို့တွေအားလုံး ကိုယ့်ရဲ့အလုပ်ကိုသာ လုပ်နေကြပေမယ့် ရွေးကောက်ပွဲအကြောင်းလည်း တစ်ယောက်နဲ့တစ်ယောက် မပြောကြဘူး။ မဲပေးမယ်ဆိုတဲ့အကြောင်းလည်း မပြောကြဘူး။ သူတို့ အကြောင်း ဘာမှကို မပြောကြဘူး” ဟု မချိုမာက ပြောသည်။
စစ်ကော်မရှင်သည် ၎င်းတို့၏ ရွေးကောက်ပွဲအတုအတွက် အဓမ္မ ဖိအားပေးမှု ယန္တရားကို လိုက်နာခြင်း မရှိပါကရွေးကောက် ပွဲနှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေး ဥပဒေပုဒ်မ ၂၃(က)ဖြင့် အရေးယူမည်ဟု ခြိမ်းခြောက်မှုများလည်း လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ ခြိမ်းခြောက်ထားသည့် ရွေးကောက်ပွဲဥပဒေဖြင့် လူပေါင်း ရာနှင့်ချီကို အမှန်တကယ်ပင် ဖမ်းဆီးအရေးယူခဲ့သည်။ မကြာသေး မီကပင် ဒါရိုက်တာမိုက်တီး၊ ဒါရိုက်တာ ဇဗ္ဗူထွန်းသက်လွင်၊ ဒါရိုက်တာအောင်ချမ်းလူ၊ သရုပ်ဆောင် ကျော်ဝင်းထွဋ်နှင့် ဟာသ သရုပ်ဆောင် အုန်းဒိုင်းတို့ကို ရွေးကောက်ပွဲဥပဒေကို ဆန့်ကျင်သည်ဟု အကြောင်းပြချက်ဖြင့် ထောင်ဒဏ် ခုနစ်နှစ်စီချမှတ်ခဲ့ပြီး ပြည်သူများကို ခြိမ်းခြောက်ခဲ့သည်။
ရွေးကောက်ပွဲအတုအတွက် ထိုသို့သော စနစ်တကျ ဖိအားပေးမှုများကြားတွင်ပင် မချိုမာကဲ့သို့သော မြို့ပြနေမဲဆန္ဒရှင်များကမူ စစ်အုပ်စု၏ ရွေးကောက်ပွဲကို မဲပေးမည်မဟုတ်ဆိုသည့် တိတ်ဆိတ်သော ဆုံးဖြတ်ချက်ကို ဆက်လက်ကိုင်စွဲထားသည်။
မချိုမာသည် ယခင်ရွေးကောက်ပွဲများ (၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀) တွင် သုံးကြိမ်တိုင်တိုင် မဲပေးခဲ့ဖူးသူ ဖြစ်သော်လည်း ယခုအကြိမ်တွင်မူ မဲမပေးဘူး ဆိုသည့်၎င်း၏ ဆုံးဖြတ်ချက်က ခိုင်မာနေပေသည်။
“ကျွန်မက NLD မပါလို့ မဲမပေးတာ မဟုတ်ဘူ။ မပေးချင်လို့ကို မပေးတာ။ ကိုယ့်မကြိုက်လို့ မဲမပေးတာလည်း နိုင်ငံသားအခွင့်အရေးမဟုတ်ဘူးလား” ဟု မချိုမာက ပြောသည်။
သို့သော်လည်း စစ်အုပ်စု၏ ဖိအားပေးခြိမ်းခြောက်မှုအား ကျော်လွှားနိုင်ခြင်းမရှိနိုင်မည်ကို မချိုမာ တစ်ယောက် စိုးရိမ်လျက်ရှိနေသည်။ မချိုမာ ပြောကြားလာသည့် စကားက ပြည်သူများ လက်ရှိ ရင်ဆိုင်နေရသော အမှန်တရားကို မီးမောင်းထိုး ဖော်ပြနေသည်။
ပြည်သူ့ဆန္ဒ မည်သို့ပင် ရှိနေပါစေ၊ စစ်အုပ်စုက ရွေးကောက်ပွဲ ဥပဒေဖြင့် အနိုင်ကျင့် အရေးယူမည်ကို စိုးရိမ်လျက်ရှိသည်။ ပြည်သူလူထု၏ စိုးရိမ်ထိတ်လန့်မှုများကြားမှ စစ်အုပ်စုသည် ထိုသို့ အနိုင်ကျင့် ဖိအားပေးလာပါက ၎င်းတို့၏ ရွေးကောက်ပွဲသည် စစ်ရေးဖိအားနှင့် ပြည်သူ့ဆန္ဒကို လုံးဝ ကျောခိုင်းထားသော ဇာတ်ပွဲတစ်ခုအဖြစ်သာ မှတ်တမ်းဝင်သွားမည် ဖြစ်သည်။
“မဲမပေးရလို့ ဝမ်းမနည်းဘူးလားဆိုရင် ကျွန်မရဲ့ စိတ်ရော၊ ကိုယ်ရော၊ နှလုံး သားရော ပေးခဲ့ပြီးပြီ။ သူတို့က သတ်မယ် ဖမ်းမယ် ဆိုရင်တော့ သွားပေးရမှာပေါ့။ နောက် သူတို့ မဲခိုးစက်က ပယ်မဲလည်း မဖြစ်ဘူး ဆိုတော့ ဓားမိုးပြီး ပေးခိုင်းရင် ပေးရမှာပဲ”
မချိုမာ၏ နာကျင်ဖွယ်စကားသည် ရွေးကောက်ပွဲအပေါ် ထားရှိသည့် ပြည်သူများ၏ စစ်မှန်သော သဘောထားကို ကိုယ်စားပြုနေသည်။ စစ်ကော်မရှင်၏ လုပ်ရပ်သည် ပဋိပက္ခကို ပိုမိုကြီးထွားစေပြီး မြန်မာ့အရေးကို ရှုပ်ထွေးစေမည့် နိုင်ငံရေးအမှားတစ်ခုကို ဆေးချယ်နေခြင်းပင် ဖြစ်သည်။