ဧရာဝတီတိုင်းမ်
ဇွန် ၉ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ညောင်မှော်သောင်တန်းကျေးရွာအနီးရှိ သုံးနန်းကူးစစ်ဆေးရေးဂိတ် (ချက်ပွိုင့်) တွင် တောတွင်းမှ လုပ်ငန်းခွင်အပြန် ဒေသခံလူငယ် နှစ် ဦး စီးနင်းလာသည့် ဆိုင်ကယ် နှစ် စီးကို ရွေးတုအစိုးရစစ်တပ်က သေနတ်ဖြင့်ချိန်ကာ အဓမ္မလုယက်သိမ်းဆည်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန် ၄ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်သားများက သေနတ်ဖြင့် ပစ်သတ်မည်ဟု ရိုင်းစိုင်းစွာ ခြိမ်းခြောက်ကာ ၎င်းတို့ စီးနင်းလာသည့် ဆိုင်ကယ်များကို ဗြောင်လုယူ ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
“စစ်သားတွေက မင်းတို့တွေကို ချက်ချင်းသတ်ပစ်လို့ရတယ် လို့ ပြောပြီး သေနတ်နဲ့ ချိန်တာ။ ဆိုင်ကယ်တွေ သိမ်းသွားတော့ သူတို့ခမျာ ခြေလျင်ပဲ ပြန်လာရတယ်။ သယ်လာတဲ့ ပစ္စည်းတွေကိုပါ လမ်းမှာ ထားပစ်ခဲ့ရတယ်” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လုယက်ခံရသူ လူငယ် နှစ် ဦးမှာ ဝါးခုတ်သည့် လုပ်ငန်းဖြင့် အသက်မွေးရသူများဖြစ်ပြီး တောထဲတွင် ကျန်ရှိခဲ့သည့် ပစ္စည်းများကို သွားရောက်ယူဆောင်ကာ ယိုးဒယားဘီးတစ်စီး၊ တရုတ်ဘီးတစ်စီးတို့ဖြင့် ရွာသို့ပြန်လာစဉ် ယခုကဲ့သို့ လုယက်သိမ်းဆည်းခံရခြင်း ဖြစ်သည်။
ထို့ပြင် အဆိုပါလူငယ်များက ၎င်းတို့သည် ညောင်မှော်သောင်တန်းကျေးရွာမှ ဖြစ်ကြောင်း ပြောဆိုရာ တွင် စစ်ဗိုလ်တစ်ဦးက “မင်းတို့ရွာတွေကို ပြာချပစ်ချင်နေတာ” ဟု ထပ်မံခြိမ်းခြောက် ပြောဆိုခဲ့ ကြောင်း သိရသည်။
ကာယကံရှင် လူငယ်များသည် အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်းတို့၏ ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ ထောက် ခံစာယူကာ ဆိုင်ကယ်များ ပြန်လည်ရရှိရန် သွားရောက်တောင်းခံခဲ့သော်လည်း စစ်သားများက အဆိုပါထောက်ခံစာများမှာ အသုံးမဝင်ကြောင်း ပြောဆိုကာ လက်နက်အားကိုးဖြင့် ခြိမ်းခြောက် မောင်းထုတ် ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ဓာတ်ပုံ – သုံးနန်းကူးနှင့် ကောပျောက်လမ်းကြား။