‎ဧရာဝတီတိုင်းမ်
‎အောက်တိုဘာ ၂၃ ရက်
‎

တရုတ်နိုင်ငံ လက်အောက်ရှိ တိဘက်ဒေသတွင် ယမန်နေ့က အင်အားပြင်း ၇ ဒသမ သုည မဂ္ဂနီကျူရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သဖြင့် အနည်းဆုံး လူ ၁၆ ဦး သေဆုံးကာ ၆၅ ဦး ဒဏ်ရာရရှိပြီး နေအိမ် ၃၀၀ ကျော် ပျက်စီးသွားကြောင်း သိရသည်။

 

ငလျင်၏ ဗဟိုချက်သည် တိဘက်ဒေသ နာချူ မြို့၏ အရှေ့-အရှေ့မြောက်ဘက် ၁၉၀ ကီလိုမီတာခန့်နှင့် မြို့တော် လှာဆာ ၏ အရှေ့မြောက်ဘက် ၃၉၀ ကီလိုမီတာခန့်အကွာရှိ တောင်တန်းထူထပ်သော ဒေသ၌ တည်ရှိပြီး မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ဘူမိဗေဒလေ့လာရေးစခန်း (USGS) က ထုတ်ပြန်ထားသည်။
‎

လက်ရှိတွင် တာဝန်ရှိသူများက ပျက်စီးဆုံးရှုံးမှုများကို စိစစ်တွက်ချက်နေဆဲဖြစ်ပြီး သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။

 

အဆိုပါ အင်အားပြင်း ငလျင်ကြောင့် ခရိုင်အတွင်း လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်သွားခဲ့ပြီး စူပါမားကတ်များရှိ စင်ပေါ်မှ ပစ္စည်းများ ပြုတ်ကျခြင်း၊ စားသောက်ဆိုင်များအတွင်းမှ ပြည်သူများ အပြင်သို့ အလန့်တကြား ထွက်ပြေးရခြင်းများ ဖြစ်ပေါ်ခဲ့သည်။

 

လက်ရှိတွင် ပျက်စီးဆုံးရှုံးမှုများကို စိစစ်တွက်ချက်နေဆဲဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၃၀၀ ကျော်အပြင် မီးသတ်နှင့် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၃၄၇ ဦးကို ထိခိုက်ခံစားရသည့် ဒေသများသို့ စေလွှတ်ကာ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

 

ဓာတ်ပုံ – နိုင်ငံတကာသတင်းဌာန