ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၃ရက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယနေ့ နံနက်ပိုင်းတွင် ရွေးတုအစိုးရစစ်တပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ပစ်ခတ်မှုများကြောင့် အမျိုးသမီး လေးဦးအပါအဝင် အရပ်သား ငါး ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ရွေးတုအစိုးရ စစ်တပ်သည် ယနေ့ အောက်တိုဘာ ၂၃ရက်၊ နံနက် ၇ နာရီ ၅၀ မိနစ်နှင့် ၈ နာရီ ဝန်းကျင်တို့တွင် စစ်တွေမြို့၊ မောလိပ်ရပ်ကွက်နှင့် ကျောင်းတက်လမ်းရပ်ကွက် အနီးအနားရှိ ရွှေငါးမုန့်ဆိုင်လမ်းခွဲ၊ ကသစ်တောလမ်း အပါအဝင် နေရာအချို့ကို Y-12 လေယာဉ်ဖြင့် ဗုံးကြဲချခဲ့ခြင်းဖြစ်သည်။
”Y 12က မနက်အစောပိုင်းကတည်းကဝဲနေတာရှိတယ်။ ပြီးတော့ ကြဲချလိုက်တာလို့သိရတယ်။ မြို့ပေါ်ကို နှစ် လုံးကျတယ်။ တခြားနေရာတွေလည်းကြဲသွားတယ်လို့ သိရတယ်” ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အခင်းဖြစ်နေရာများ၌ ဈေးရောင်းနေသူများအပါအဝင် လမ်းသွားလမ်းလာ အရပ်သားများ ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်ပြီး စစ်တပ်၏ လေယာဉ်ဖြင့် လာရောက် ဗုံးကြဲချခဲ့ခြင်းဖြစ်ကြောင်းလည်း ဒေသခံများက အတည်ပြု ဖြေကြားသည်။
ဗုံးများ ကျရောက်ပေါက်ကွဲပြီးနောက် နေရာတွင်ပင် သေဆုံးသူ ငါးဦးရှိခဲ့ပြီး ဒဏ်ရာပြင်းထန်၍ စစ်တွေဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ထားသူများအနက် လေးဦးထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စစ်တွေမြို့နယ်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက် ရှိနေကြောင်း သိရသည်။ စစ်တွေမြို့နယ်အတွင်းထိ AA က စိမ့်ဝင်တိုက်ခိုက်လာမှုများကြောင့် စစ်တပ်ကနေ့စဉ် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။