ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၃ ရက်

ဆော်ဒီအာရေဗီးယားနိုင်ငံမှာ ဟူသီအဖွဲ့ရဲ့ ဒရုန်းနဲ့ ဒုံးကျည် တိုက်ခိုက်မှုတွေကြောင့် အရေးမကြီးတဲ့ သံတမန်တွေနဲ့ မိသားစုဝင်အချို့ ရိယာဒ်မြို့မှ ထွက်ခွာကြဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အမိန့်ပေးလိုက်ပါတယ်။

အဆိုပါအမိန့်ဟာ ဒမ်မမ်မြို့ရှိ အရပ်ဘက် လေဆိပ်တစ်ခု တိုက်ခိုက်ခံရပြီး လူတစ်ဦး သေဆုံးကာ ရှစ်ဦး ဒဏ်ရာရရှိခဲ့သလို ရေနံမြေတစ်ခု ဒရုန်းနဲ့ တိုက်ခိုက်ခံရမှုကြောင့် လူနှစ်ဦး သေဆုံးခဲ့ပြီးနောက်မှာ ထွက်ပေါ်လာတာပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ တော်မီပစ်ဂေါ့တ်က ယီမင်နိုင်ငံရှိ အီရန်ကျောထောက်နောက်ခံပြု ဟူသီအဖွဲ့ဟာ ဆော်ဒီအာရေဗီးယားနိုင်ငံရှိ အရပ်ဘက် ပစ်မှတ်တွေကို ပိုမို တိုက်ခိုက်လာတာကြောင့် သံရုံးအမှုထမ်းတွေနဲ့ မိသားစုဝင်တွေကို ထွက်ခွာခိုင်းတာလို့ ဆိုပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ အီရန်စစ်ပွဲ စတင်ပြီးနောက် ပင်လယ်ကွေ့ဒေသရှိ အမေရိကန် သံတမန်အချို့ကို ရုပ်သိမ်းခဲ့ဖူးပြီး မကြာသေးမီလပိုင်းကမှ ပြန်လည်တာဝန်ထမ်းဆောင်စေခဲ့တာပါ။

ဟူသီအဖွဲ့က ဆော်ဒီ အရပ်ဘက်လေဆိပ်တွေနဲ့ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်လာတာကြောင့် ခရီးသွားလာရေးနဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု ဖြစ်လာခဲ့ပါတယ်။

ဆော်ဒီအာရေဗီးယားအပြင် ပင်လယ်ကွေ့ဒေသရှိ အခြား အမေရိကန်သံရုံးတွေက သံတမန် မိသားစုဝင်တွေကို ပြန်လည်ရုပ်သိမ်းဖို့ ပြင်ဆင်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ယခုလို သံတမန်တွေ ပြန်လည်ရုပ်သိမ်းမှုဟာ ယီမင်ပဋိပက္ခ ပိုမို ပြင်းထန်လာတာကို ပြသနေပြီး ဒေသတွင်း စွမ်းအင်ကုန်သွယ်ရေးနဲ့ စီးပွားရေးတွေကိုလည်း အကြီးအကျယ် ထိခိုက်စေပါတယ်။

ဆော်ဒီအာရေးဗီးယားနိုင်ငံရှိ Saudi Aramco ပိုင် Shaybah ရေနံမြေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့တဲ့ ဒရုန်းတစ်စင်းကို လေကြောင်းရန် ကာကွယ်ရေးတပ်က ကြားဖြတ်ပစ်ချနိုင်ခဲ့ပေမဲ့ ပျက်စီးမှုအချို့ကြောင့် လူနှစ်ဦး သေဆုံးခဲ့ပါတယ်။

ရိယာဒ်မြို့ရှိ အမေရိကန်သံရုံးက ဆော်ဒီအာရေဗီးယားနိုင်ငံမှာ ထပ်မံ တိုက်ခိုက်ခံရနိုင်ခြေ ရှိတာကြောင့် နိုင်ငံသားတွေအနေနဲ့ သတိထားကြဖို့ လုံခြုံရေး သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မတ်လအတွင်း ရိယာဒ်မြို့ရှိ အမေရိကန်သံရုံးနဲ့ CIA စခန်းဟာ ဒရုန်းတွေနဲ့ တိုက်ခိုက်ခြင်း ခဲ့ရပါတယ်။

အီရန်နဲ့စစ်ပွဲရဲ့ နောက်ဆက်တွဲအဖြစ် ပင်လယ်ကွေ့ ဒေသတစ်ခုလုံး စစ်မီးကူးစက်မယ့် အရေးကို နိုင်ငံတကာက စိုးရိမ်နေပါတယ်။

News: Reuters
Ref; US orders diplomats to depart Saudi Arabia amid Houthi strikes