ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၃ ရက်

ဗြိတိန်အစိုးရက မြန်မာစစ်အုပ်စုအပေါ် မူဝါဒတွေ တဖြည်းဖြည်း ပျော့ပျောင်းလာမှုကို ရပ်တန့်ပြီး ငွေကြေးနဲ့ လက်နက် အရင်းအမြစ်တွေကို ဖြတ်တောက်ဖို့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လည်လုပ်ဆောင်သင့်တယ်လို့ Burma Campaign UK က ပြောကြားလိုက်ပါတယ်။

ဗြိတိန်အစိုးရဟာ မြန်မာစစ်အုပ်စု ကိုယ်စားလှယ်တွေကို အစိုးရဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ကြားတာတွေ၊ ဓာတ်ပုံရိုက်တာတွေ ပြုလုပ်လာတာဟာ စစ်အုပ်စုကို သံတမန်ရေးအရ တရားဝင်မှု ရရှိစေရေး ဝါဒဖြန့်ဖို့ အခွင့်အရေးပေးသလို ဖြစ်နေပါတယ်။

အောက်တိုဘာ ၁၄ ရက်နဲ့ ၁၆ ရက်တို့မှာ ဗြိတိန် နိုင်ငံခြားရေးဌာနဝန်ကြီးနဲ့ ကုန်သွယ်ရေးဌာန တာဝန်ရှိသူတွေဟာ လန်ဒန်မြို့ရှိ မြန်မာစစ်အုပ်စု သံရုံးယာယီတာဝန်ခံ ဝင်းဇေယျာထွန်းကို အာဆီယံ သံတမန်တွေနဲ့အတူ တွေ့ဆုံခဲ့ပြီး ကုန်သွယ်ရေးဆိုင်ရာကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

တွေ့ဆုံမှုဆိုင်ရာ သတင်းနဲ့ ဓာတ်ပုံတွေကို ဗြိတိန်အစိုးရက ထုတ်ပြန်ခြင်း မရှိဘဲ မြန်မာစစ်အုပ်စု၊ နိုင်ငံခြားရေးဝန်ကြီးဌာနကသာ ဝါဒဖြန့်ချိဖို့အတွက် သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဗြိတိန်အစိုးရအနေနဲ့ မြန်မာစစ်အုပ်စုအပေါ် မူဝါဒ ပြောင်းလဲလာတာနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာစွာ ရှင်းလင်းပြောဆိုခြင်း မရှိဘဲ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်အောင် တိတ်တဆိတ် လုပ်ဆောင်နေတယ်လို့ Burma Campaign UK ရဲ့ တာဝန်ရှိသူတစ်ဦးက ဝေဖန်ပါတယ်။

ယခင်က ဗြိတိန်အစိုးရဟာ မြန်မာစစ်အုပ်စုကို တရားဝင်မှု ပေးအပ်ရာရောက်စေမယ့် လုပ်ရပ်တွေကို ရှောင်ရှားခဲ့ပေမဲ့ ယခုအခါ အာဆီယံကို အကြောင်းပြပြီး ဝန်ကြီးအဆင့် တွေ့ဆုံမှုတွေကို ပြုလုပ်လာပါတယ်။

ဗြိတိန်အစိုးရဟာ မြန်မာစစ်အုပ်စုအပေါ် နှစ်ပေါင်းများစွာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ခြင်း မရှိတော့သလို နိုင်ငံရေးအကျဉ်းသားများ ဆိုတဲ့ စကားရပ်ကိုလည်း လျှော့ပေါ့သုံးနှုန်းလာတာကို တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်တဲ့ကိစ္စမှာ ဗြိတိန်အစိုးရက အခြား အနောက်နိုင်ငံတွေနဲ့ မတူဘဲ ကြိုဆိုကြောင်း ဖော်ပြခဲ့လို့ ဝေဖန်မှုတွေ ရင်ဆိုင်ခဲ့ရပါတယ်။

မြန်မာစစ်အုပ်စုဟာ အရပ်ဘက်ပစ်မှတ်တွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေကို ဗုံးကြဲတိုက်ခိုက်နေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်တိုက် ကျူးလွန်နေပါတယ်။

ဗြိတိန်ဝန်ကြီးတွေအနေနဲ့ မြန်မာစစ်အုပ်စု ကိုယ်စားလှယ်တွေကို လက်ခံတွေ့ဆုံပြီး ပြုံးရွှင်စွာ ဓာတ်ပုံရိုက်ကူးနေခြင်းဟာ စစ်တပ်၏ ရာဇဝတ်မှုတွေကို လက်ခံပေးသလိုဖြစ်နေကြောင်း Burma Campaign UK က ထောက်ပြပါတယ်။

ဗြိတိန်အစိုးရက မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေပါတယ်လို့ ပြောဆိုပေမယ့် စစ်အုပ်စုအပေါ် ဒဏ်ခတ်ပိတ်ဆို့ဖို့ တောင်းဆိုချက်တွေကို လျစ်လျူရှုပြီး စစ်အုပ်စု ကိုယ်စားလှယ်တွေနဲ့ အတူရပ်တည်နေတာ ဖြစ်ပါတယ်။

ဗြိတိန်အစိုးရက မြန်မာစစ်အုပ်စုနဲ့ ကုန်သွယ်ရေးနဲ့ ဆက်ဆံရေး ပုံမှန်ဖြစ်အောင် လုပ်ဆောင်နေတာတွေကို ချက်ချင်းရပ်တန့်ပြီး ထိရောက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လည်ပြုလုပ်ဖို့ Burma Campaign UK က တိုက်တွန်းပါတယ်။

News: Burma Campaign UK
Ref; British Government: Stop Weakening Policy on Burmese Military