ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၄ ရက်
မြန်မာစာဖတ်ပရိသတ်ကြားတွင်ထင်ရှားသည့် ဂျပန်စာရေးဆရာ ရူ မူရာကာမိ (Ryu Murakami) အသက် ( ၇၄) နှစ် ရုတ်တရက်ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။
လိင်ကိစ္စ၊လူငယ်ယဉ်ကျေးမှုအပါအဝင် ဆူပူအကြမ်းဖက်မှုတို့ကို အကန့်အသတ်မရှိ ရဲရဲဝံ့ဝံ့ရေးသားသူ နာမည်ကျော် ဂျပန်စာရေးဆရာ ရူ မူရာကာမိ အောက်တိုဘာ ၁၇ ရက်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ၎င်း၏ စာပေထုတ်ဝေရေးအဖွဲ့က ယမန်နေ့တွင် အတည်ပြုပြောကြားကြောင်း The Japan Times သတင်းဌာနတွင်ဖော်ပြထားသည်။
“လူငယ်ပရိသတ်တွေအတွက် တုန်လှုပ်ချောက်ချားဖွယ်ရာ စာပေလက်ရာဆန်းတွေကို သက်ဆုံးတိုင် မနားတမ်း ဖန်တီးပုံနှိပ်ခဲ့တဲ့ စာရေးဆရာ ရူ မူရာကာမိ ရုတ်တရက် ကွယ်လွန်သွားခဲ့ရတဲ့အတွက် ကျွန်တော်တို့အဖွဲ့အနေနဲ့ မခံမရပ်နိုင်အောင် စိတ်ထိခိုက်ဝမ်းနည်းရပါတယ်” ဟု Gentosha ထုတ်ဝေရေးအဖွဲ့က သောကြာနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။

စာရေးဆရာ၏ နာမည်အကျော်ကြားဆုံး စာပေလက်ရာများအနက် တစ်ခုမှာ ပထမဆုံးဝတ္ထုဖြစ်သော Almost Transparent Blue ဖြစ်ပြီး မူးယစ်ဆေးနှင့် လိင်ကိစ္စတို့တွင် နစ်မွန်းနေသည့် လူငယ်များ၏ ဖျက်ဆီးယိုယွင်းမှုကို ပုံဖော်ထားပြီး ၁၉၇၆ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ အထင်ရှားဆုံးစာပေဆုရရှိခဲ့သည်။
ထို့ပြင် ၁၉၈၀ ပြည့်နှစ်ထွက် “Coin Locker Babies” ဝတ္ထုတွင် ခရီးဆောင်အိတ်ထည့်သည့် သေတ္တာများထဲ၌ စွန့်ပစ်ခံခဲ့ရသော ကလေးငယ်များနှင့် ရုန်းကန်ရှင်သန်မှုအကြောင်းကို ရေးဖွဲ့ထားခြင်းဖြစ်သည်။
ယင်းပြင် ၁၉၉၇ ခုနှစ်ထွက် In The Miso Soup ဝတ္ထုတွင်မူ တိုကျိုမြို့၏ ညဘက်ဖျော်ဖြေရေးနှင့် ပြည့်တန်ဆာရပ်ကွက်အတွင်းသို့ ခရီးသွားတစ်ဦး ရောက်သွားပုံရေးသားထားသောစာအုပ်ဖြစ်သည်။
“ခေတ်တစ်ခေတ်၏ ရှေ့ဆောင်လမ်းပြအဖြစ် ဘဝကို အစွမ်းကုန် အပြေးလှမ်းချီသွားခဲ့သူ မူရာကာမိ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်” ဟု Gentosha ထုတ်ဝေရေးက ပြောကြားသည်။

ဂျပန်စာရေးဆရာ ရူ မူရာကာမိ (Ryu Murakami) ၏ စာပေလက်ရာများထဲက Audition ကို လူရွေးပွဲအဖြစ်၊ Tokyo Decadence ကို တိုကိုကျဆုံးခန်းအဖြစ်၊ Piercing ကို စူးအဖြစ် နှင့် In the Miso Coup ကို မီဆိုဟင်းချိုအဖြစ် မြန်မာဘာသာပြန်သို့ ဘာသာပြန်ဆရာ သင့်လူကပြန်ဆိုထားသည်။
ထို့ပြင် ရူ မူရာကာမိ၏ ပွဲဦးထွက်ဝတ္ထု Almost Transparent Blue ကို မြန်မာဘာသာပြန် ပြာလဲ့လဲ့အဖြစ် ဘာသာပြန်ဆရာ မိုးသက်ဟန်က ပြန်ဆိုထုတ်ဝေထားသည်။
ရူမူရာကာမိသည် ပုံမှန်လူ့အဖွဲ့အစည်း၏ အပေါ်ယံသာယာမှုကို မရေးဘဲ လူငယ်တွေကြားက ဆက်ဆံရေး၊ မူးယစ်ဆေးဝါး၊ လိင်ပိုင်းဆိုင်ရာ အလွန်အကျွံသုံးစွဲမှု၊ အကြမ်းဖက်မှု၊ စွန့်ပစ်ခံရတဲ့ ကလေးငယ်များနှင့် လူ့ဘောင်အဖွဲ့အစည်း၏ အစွန်အဖျားရောက်နေသည့် လူ့ဘဝကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ရေးသားသူဖြစ်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်
ကိုးကား – The Japanese Times
Ref – Japanese novelist Ryu Murakami dies at 74