ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၄ ရက်
ရခိုင်ပြည်နယ်၊ ဝီရဌာနီမြို့နယ် (ပေါက်တော)၊ ငပြီကျွန်းကို အသေခံကမ်းတက်ခဲ့သည့် စစ်တပ်တပ်ဖွဲ့ဝင်များကို AAက လိုက်လံရှင်းလင်းလျှက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၈ရက်မှ အောက်တိုဘာ ၂၂ရက်အတွင်း အသေခံကမ်းတက်ခဲ့သည့် စစ်တပ် တပ်ဖွဲ့ဝင်များကို AA က တိုက်စစ်ဆင်ရှင်းလင်းလျက်ရှိသည့်အပြင် နောက်ထပ်ကမ်းကပ်ရန်လာသည့် စစ်သင်္ဘောများကိုလည်း ပစ်ခတ်တိုက်ခိုက်နေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
”ပထမလှိုင်းတက်တဲ့ စစ်ကြောင်းက ကုန်သလောက်နီးပါးဖြစ်သွားတော့ ဒုတိယလှိုင်းထပ်တက်တယ်။ တစ်ကိုယ်စာ ခဲယမ်းနဲ့ ရိက္ခာပဲယူတက်ရတော့ နောက်က ထပ်မတက်လာရင် ရောက်နေတဲ့သူတွေအကုန်ဒုက္ခများမယ်။ ဆိုတော့ သူတို့ထပ်တက်ဖို့ လုပ်ရဦးမှာပဲ။ ခြေကုတ်ယူ လက်နက်ကြီးထိုင်ဖို့ ကြိုးစားနေတုန်းလို့သိရတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုကဲ့သို့အခြေအနေတွင် စစ်တပ်က စစ်ရေးပစ်မှတ်မဟုတ်သည့် ပေါက်တောနယ်အတွင်းရှိ သဝင်ချောင်း၊ အဝကန်ကျေးရွာများကို ယနေ့ အောက်တိုဘာ ၂၄ရက် နံနက် ခြောက်နာရီတွင် Y12လေယာဉ်ဖြင့် ဗုံးများကြဲချတိုက်ခိုက်သည့်အတွက် အရပ်သား ကိုးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ငပြီကျွန်းကို ပထမအကြိမ် အသေခံကမ်းတက်ခဲ့စဉ်က ၅၀ ခန့်သေဆုံးကာ အများစုမှာ ထိခိုက်ဒဏ်ရာရကာ ထွက်ပြေးခဲ့ကြသူများလည်း ရှိကြောင်း သိရသည်။
ထို့အပြင်ကမ်းကပ်စစ်ဆင်ရေးအတွက် စစ်သင်္ဘော သုံးစီးခန့် ပျက်စီးခဲ့ရပြီး စစ်တပ်က ကြည်း၊ ရေ၊ လေမှ အင်အားအလုံးအရင်း အသုံးပြုခဲ့သည်။ ခမရ ၃၅၄၊ အမတ ၃၇၃ တပ်ရင်းများအပြင် စစ်တွေမှ အထူးကွန်မန်ဒိုစစ်ကြောင်းများကိုပါ ငပြီကျွန်းအတွက် ထုတ်သုံးခဲ့ကြောင်း သိရသည်။
ဒုတိယအကြိမ်ကမ်းတက်စစ်ဆင်ရေးအတွက် အင်အား ၂၀၀ ကျော်ကို စစ်တပ်ကအသုံးပြုခဲ့ပြီး ကမ်းတက်သည့် အောက်တိုဘာ ၁၈ ရက်နံနက်ပိုင်းကတည်းက AA၏ ပစ်ခတ်တိာက်ခိုက်မှုများအတွက် လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းပစ်ကူများအပြင်းအထန်သုံးခဲ့သည်။