‎ဧရာဝတီတိုင်းမ်
‎အောက်တိုဘာ ၂၄ ရက်
‎

‎ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်းမှ ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်လာနိုင်ပြီး ယင်းအရှိန်ကြောင့် တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း သတင်းရရှိသည်။
‎

‎လက်ရှိဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အောက်တိုဘာ ၂၆ ရက်တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိနိုင်ပြီး ၂၈ ရက်တွင်ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်း-အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်ကမ်းခြေအနီးသို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလ‌ဗေဒ‎‎ညွှန်ကြားမှုဦးစီးဌာနက ယနေ့ ထုတ်ပြန်သည်။
‎

ယင်းအရှိန်ကြောင့် ‎လာမည့် နှစ် ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်နီ (ကယား)ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်ကြောင်း သိရသည်။
‎
‎

ထို့ပြင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေတို့ဖြစ်ပေါ်နိုင်သည်။
‎

‎လက်ရှိတွင်စူပါအယ်လ်နီညိုရာသီဥတုသက်ရောက်မှု အားပြင်းလာချိန်တွင် အပူချိန်မြင့်မားလာသည့် မြို့များရှိလာပြီဖြစ်သည်။
‎

အပူချိန်မြင့်မားလာသည့်မြို့ကြီးများတွင် ချောက်မြို့တွင် ၃၈.၂ ဒီဂရီဆဲလ်စီးယပ်၊ ကျောက်ဆည်(လွန်ကျော်)တွင် ၃၇.၂ ဒီဂရီ ဆဲလ်စီးယပ်၊ ပြည်မြို့နှင့် ဘားအံမြို့တို့တွင် ၃၇.၀ ဒီဂရီဆဲလ်စီးယပ်စီ၊ မြင်းမူမြို့တွင် ၃၆.၉ ဒီဂရီဆဲလ်စီးယပ်၊ ပဲခူးမြို့နှင့် မင်းဘူးမြို့တို့တွင် ၃၆.၆ ဒီဂရီဆဲလ်စီးယပ်စီနှင့် ဟင်္သာတမြို့နှင့် ဘီးလင်းမြို့တို့တွင် ၃၆.၅ ဒီဂရီဆဲလ်စီးယပ်စီတို့ ရှိကြောင်း မိုးလေဝသနှင့် ဇလ‌ဗေဒ‎ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ – မိုး/ ဇလ