ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၄ ရက်
ထိုင်း-မြန်မာ ယဉ်ကျေးမှုဆိုင်ရာအငြင်းပွားမှုများဖြစ်ပေါ်နေသည့် “Scarlet Heart Thailand” ရုပ်သံဇာတ်လမ်းတွဲ၏ ထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် GMMTV က ၎င်းတို့အနေဖြင့်ဇာတ်လမ်းတွဲတွင် မြန်မာရိုးရာယဉ်ကျေးမှုများကို မှီငြမ်းအသုံးပြုခြင်းများ ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
Scarlet Heart Thailand ဇာတ်လမ်းတွဲတွင် အသုံးပြုထားသည့် ဝတ်စုံဒီဇိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းအများစုမှာ မြန်မာ့ရိုးရာယဉ်ကျေးမှုများဖြစ်ကြောင်း ပရိသတ်များ၏ ဝေဖန်ထောက်ပြမှုများ ပေါ်ထွက်လာပြီးနောက် ယခုကဲ့သို့ တောင်းပန်စာကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
အဆိုပါ ဇာတ်လမ်းတွဲသည် ယခုခေတ်ကာလမှလွန်ခဲ့သည့်နှစ်ရာချီသို့ အချိန်နောက်ပြန်ခရီးသွားသည့် အမျိုးသမီးတစ်ဦးနှင့် နန်းတွင်းအရှုပ်အထွေးများ အကြောင်းကို ရိုက်ကူးထားခြင်းဖြစ်ပြီး ထိုင်းနန်းတွင်း အဝတ်အစားအသုံးအဆောင်များတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုပုံရိပ်များစွာ ပါဝင်နေခြင်းဖြစ်သည်။

ကုန်းဘောင်ခေတ်မြန်မာ့ရိုးရာဝတ်စုံများ၊ ရခိုင်ရိုးရာညဆီမီးခွက်အကများကဲ့သို့ မြန်မာ့ရိုးရာယဉ်ကျေးမှုများစွာကို ထည့်သွင်းအသုံးပြုခဲ့သော်လည်း မြန်မာ့ယဉ်ကျေးမှုကိုမှီငြမ်းကြောင်း ဖော်ပြထားခြင်းမရှိသည့်အတွက် ပရိတ်သတ်များကဝေဖန်ခဲ့ခြင်းဖြစ်သည်။
ဝေဖန်မှုများ ကျယ်ပြန့်စွာထွက်ပေါ်လာသည့်အတွက် GMMTV ဘက် ကဇာတ်လမ်းတွဲသည် စိတ်ကူးယဉ် ဇာတ်လမ်းတွဲဖြစ်သည့်အတွက် ရုပ်ရှင်ထုတ်လုပ်ရေး အဖွဲ့မှ ဇာတ်လမ်းနှင့်ကိုက်ညီမည့် လန်းနား(Lanna)၊ Tai မျိုးနွယ်စုများ(Tai ethnic)၊ တရုတ် နှင့် မြန်မာနိုင်ငံတို့မှ ရိုးရာအနုပညာ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများမှ အမွေအနှစ်နှင့် လှပမှုများကို အနုပညာအဖြစ်မှီငြမ်းခဲ့ကြောင်းသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။
မြန်မာ့အနုပညာနှင့်ယဉ်ကျေးမှုသည် လှပမှုနှင့် ထင်းရှားသည့် ဝိသေသများကြောင့် ထုတ်လုပ်ရေးအဖွဲ့က လေးစားရသည့် အနုပညာတစ်ခုဖြစ်ပြီး ဇာတ်လမ်းတွဲပါတင်ဆက်မှုအားလုံးကို ထိုင်းယဉ်ကျေးမှုအဖြစ် ပုံဖော်ရန် ရည်ရွယ်ချက် လုံးဝ မရှိကြောင်းလည်း GMMTV ဘက်က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ဇာတ်လမ်းတွဲတွင် ပါရှိသည့် ယဉ်ကျေးမှုဆိုင်ရာ ပုံဖော်မှုများနှင့်ပတ်သက်၍ ပရိသတ်များ၏ စိုးရိမ်ပူပန်မှုများအတွက် တောင်းပန်ကြောင်းနှင့် တိုင်ကြား ထောက်ပြပေးသူ အားလုံးကို ကျေးဇူးတင်ရှိကြောင်းလည်း ထုတ်ပြန်ခဲ့သည်။