ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၄ ရက်

အမေရိကန်နဲ့ မြန်မာစစ်အုပ်စုကြား ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်လာတာကို ထိုင်းနိုင်ငံက ကြိုဆိုပြီး နိုဝင်ဘာလအတွင်း မနီလာမြို့မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာ့အရေးကို ဆွေးနွေးကြဖို့ မျှော်လင့်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်က ပြောကြားလိုက်ပါတယ်။

၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှုနောက်ပိုင်း အမေရိကန်အစိုးရက ပစ်ပယ်ထားခဲ့တဲ့ မြန်မာစစ်အုပ်စုနဲ့ လွန်ခဲ့တဲ့ နှစ်ပတ်က တိုကျိုမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဒါဟာ တစ်လအတွင်း ဒုတိယအကြိမ်မြောက် တွေ့ဆုံတာလည်း ဖြစ်ပါတယ်။

ထိုင်းနိုင်ငံက မြန်မာနိုင်ငံကို သီးခြားခွဲထွက်သွားတာမျိုး ဒါမှမဟုတ် အင်အားကြီးနိုင်ငံတွေကြား နယ်ရုပ်ဖြစ်သွားတာမျိုး မမြင်ချင်တာကြောင့် အမေရိကန်နဲ့ ထိတွေ့ဆက်ဆံမှုကို ကြိုဆိုတာဖြစ်ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ်လည်းဖြစ်သူ ဆီဟာဆတ်က ပြောပါတယ်။

အခုလို ထိတွေ့ဆက်ဆံတာဟာ မြန်မာစစ်အုပ်စုကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုတာ မဟုတ်ဘဲ အတိုက်အခံတွေနဲ့ ငြိမ်းချမ်းစွာ စေ့စပ်ညှိနှိုင်းရေးကို တွန်းအားပေးဖို့ ရည်ရွယ်တာလို့ ၎င်းက ဆိုပါတယ်။

ရွေးတုသမ္မတ မင်းအောင်လှိုင်က လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကို သွားရောက်ခဲ့လို့ အာဆီယံရဲ့ ရပ်တည်ချက်မှာ အပြောင်းအလဲအချို့ ရှိလာပေမဲ့ မနီလာထိပ်သီးအစည်းအဝေးမှာ မြန်မာ့ကိုယ်စားပြုခွင့်ကို အပြည့်အဝ ပြန်လည်ပေးအပ်မလား ဆိုတာကတော့ မရေရာပါဘူး။

မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဘယ်လိုရှေ့ဆက်မလဲဆိုတာကို အာဆီယံအတွင်း အကျေအလည် အသေးစိတ် ဆွေးနွေးမှာဖြစ်လို့ ကောင်းမွန်တဲ့ လက္ခဏာဖြစ်တယ်လို့ ဆီဟာဆတ်က ပြောပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံကြား ရာစုနှစ်တစ်ခုနီးပါး ကြာမြင့်နေပြီဖြစ်တဲ့ နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုတွေကို လာမယ့် ၁၂ လမှ ၁၈ လအတွင်း ဖြေရှင်းနိုင်ခြေရှိကြောင်း ၎င်းက ဆိုပါတယ်။

နယ်စပ်မှာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ဖူးတာကြောင့် နှစ်နိုင်ငံအကြား ယုံကြည်မှု တည်ဆောက်ရေးနဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကို ရှေ့ပြေးအနေနဲ့ အရင်ဆုံး ဖြေရှင်းရမှာဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဟာ ပင်လယ်ရေကြောင်း နယ်နိမိတ် အငြင်းပွားမှုကို ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်းအောက်မှာ ဖြေရှင်းဖို့ လွန်ခဲ့တဲ့ ဇွန်လက စတင်ခဲ့ပါတယ်။

အဆိုပါ ပင်လယ်ရေကြောင်း အငြင်းပွားမှုဟာ ထိုင်းပင်လယ်ကွေ့အတွင်း ဒေါ်လာ ဘီလီယံ ၃၀၀ ခန့် တန်ဖိုးရှိတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့သိုက်များ ရှိနိုင်တယ်လို့ ယူဆရတဲ့ စတုရန်းကီလိုမီတာ ၂၆,၀၀၀ ကျော်ရှိတဲ့ ဧရိယာပေါ်မှာ ဖြစ်ပွားနေတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံက သယံဇာတ ခွဲဝေရေး မဆွေးနွေးမီ အရင်ဆုံး နယ်နိမိတ်မျဉ်းကို အတိအကျ ပိုင်းခြားသတ်မှတ်ချင်နေတာ ဖြစ်ပါတယ်။

News: Reuters
Ref; Thailand welcomes US-Myanmar engagement, expects ASEAN talks on country’s future