ဆောင်းပါးရှင် – TBR Commentary
အောက်တိုဘာ ၂၄ ရက်
“ကိုယ်ကတော့ အာဏာရှင်စနစ်ကို အလိုမရှိပါဘူး၊ ဒါပေမဲ့… ကိုယ့်သားသမီး၊ ကိုယ့်ညီအစ်ကိုမောင်နှမတွေကိုတော့ ပညာတတ်စေချင်လို့ ကျောင်းထားလိုက်ရပြီ…”
ဒါဟာ ခေတ်ပျက်ကြီးထဲက မိဘတွေ၊ အုပ်ထိန်းသူတွေ ရင်ဘတ်ကို ဓားနဲ့မွှန်းပြီးမှ ထွက်လာရတဲ့ မတတ်သာတဲ့ ဖွင့်ဟဝန်ခံချက် တခု ဖြစ်ပါတယ်။
သမိုင်းရဲ့အမှောင်ဆုံးကာလတွေမှာ အာဏာရှင်တွေဟာ လူထုကို ဒူးထောက်စေချင်တဲ့အခါ အကြောက်တရား တခုတည်းနဲ့ မလုံလောက်မှန်း ကောင်းကောင်းသိကြပါတယ်။
သူတို့ အသုံးချလေ့ရှိတဲ့ အကောင်းဆုံးဓားစာခံကတော့ “လူငယ်တွေရဲ့ အနာဂတ်” နဲ့ မိဘတွေရဲ့ “မေတ္တာတရား” ပဲ ဖြစ်ပါတယ်။
ကိုယ်တိုင်ကတော့ ဖိနှိပ်မှုကို စက်ဆုပ်ရွံရှာပါရဲ့။ ဒါပေမဲ့ ကိုယ့်ကြောင့်နဲ့ ကိုယ့်ကလေး လမ်းဘေးရောက်သွားမလား၊ အနာဂတ် ပျောက်ဆုံးသွားမလားဆိုတဲ့စိုးရိမ်စိတ်က မိဘတွေကို မျက်ရည်ကျစေပြီး၊ စနစ်ဆိုးရဲ့စာသင်ခန်းတွေဆီကိုပဲ ခြေစုံပစ်ဝင်စေခဲ့ပါတယ်။
ဒါပေမဲ့… အဲဒီလို မတတ်သာလို့ လွှတ်လိုက်ရတဲ့ စာသင်ကျောင်းတံခါးတွေရဲ့နောက်ကွယ်မှာ ဘယ်လိုသွေးအေးလှတဲ့ ထောင်ချောက်တွေ ဆင်ထားသလဲ။ ကိုယ့်ရင်သွေးကို ပညာတတ်စေချင်တဲ့ မိဘရဲ့ဖြူစင်တဲ့စေတနာကို အာဏာရှင်တွေက ဘယ်လို ကစားကွက်မျိုးနဲ့ အသုံးချဖို့ ကြံစည်နေသလဲ။
ဒီနေ့ ပညာတတ်ကြီးဖြစ်ဖို့ လွှတ်လိုက်တဲ့ ကိုယ့်ကလေးဟာ မနက်ဖြန်မှာ ကိုယ့်ပြည်သူကို ပြန်သတ်မယ့် စစ်အာဏာရှင်ရဲ့ လက်ပါးစေ ဖြစ်မလာဘူးလို့ ဘယ်သူ အာမခံနိုင်မလဲ။
သမိုင်း၏ မှန်ပြတင်း
အာဏာရှင်တွေဟာ လွတ်လပ်စွာ တွေးခေါ်တတ်တဲ့ ဦးနှောက်တွေကို အကြောက်ဆုံး ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း သူတို့ဟာ အမိန့်ကို စက်ရုပ်လို နာခံမယ့် မျိုးဆက်သစ်တွေကို မွေးထုတ်ဖို့ ပညာရေးစနစ်ကို အမြဲတမ်း ဓားစာခံ ပြုလုပ်လေ့ ရှိကြပါတယ်။ ယခုလက်ရှိ မြန်မာနိုင်ငံမှာ မြင်တွေ့နေရတဲ့ ဗျူဟာတွေဟာ အသစ်အဆန်းတခု မဟုတ်ပါဘူး။ သမိုင်းကို ပြန်ကြည့်ရင် အာဏာရှင်တွေ လူငယ်တွေကို ဘယ်လို ပုံသွင်းခဲ့သလဲဆိုတာ ထင်ထင်ရှားရှားတွေ့ရပါလိမ့်မယ်။
အထင်ရှားဆုံး သက်သေကတော့ ၁၉၃၀ ပြည့်လွန်နှစ်များက နာဇီဂျာမနီနိုင်ငံရဲ့ “ဟစ်တလာ လူငယ်အဖွဲ့” (Hitler Youth) ပဲ ဖြစ်ပါတယ်။
အဲဒီခေတ်က အာဏာရှင်ဟစ်တလာဟာ ကလေးငယ်တွေကို မိဘတွေရဲ့ ရင်ခွင်ထဲကနေ နည်းလမ်းမျိုးစုံနဲ့ ဆွဲထုတ်ခဲ့ပါတယ်။
“မင်းတို့ရဲ့ သားသမီးတွေဟာ အခုတော့ မင်းတို့အပိုင် ဖြစ်ချင်ဖြစ်မယ်၊ ဒါပေမဲ့ သူတို့ရဲ့ အနာဂတ်ကတော့ ငါတို့အပိုင် ဖြစ်သွားပြီ” လို့ ဟစ်တလာက ကြွေးကြော်ခဲ့ပါတယ်။
ဒိလိုနဲ့ ကျောင်းသင်ခန်းစာတွေထဲမှာ နာဇီဝါဒကို ရိုက်သွင်းတယ်၊ စစ်ရေးလေ့ကျင့်မှုတွေ ဖိအားပေး လုပ်ဆောင်တယ်။ ရလဒ်ကတော့ ကလေးတွေဟာ မိဘထက် ဟစ်တလာကို ပိုချစ်လာပြီး၊ အိမ်မှာ မိဘက နာဇီအစိုးရကို လျှို့ဝှက်ဝေဖန်မိရင် တရားရုံးမှာ ကိုယ့်မိဘ အရင်းခေါက်ခေါက်ကို သေဒဏ်ကျအောင် ပြန်တိုင်တန်းတဲ့အထိ စိတ္တဇဆန်တဲ့ စက်ရုပ်တွေ ဖြစ်သွားခဲ့ကြပါတယ်။
မြန်မာ့သမိုင်းမှာလည်း ဒီလို အာဏာရှင် လမ်းစဥ်ဟောင်းတွေကို အသေအချာ ကူးချခဲ့တဲ့ မှတ်တမ်းတွေ ရှိပါတယ်။
၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဟာ လူငယ်တွေကို ငယ်စဉ်ကတည်းက ပါတီရဲ့ လက်ပါးစေ ဖြစ်လာအောင် “လမ်းစဉ်လူငယ်အဖွဲ့” ဆိုတာကို စနစ်တကျ ဖွဲ့စည်းခဲ့ပါတယ်။ သူတို့ဟာ ကလေးတွေရဲ့ အသက်အရွယ်နဲ့ အသိအမြင် ကွာခြားမှုအပေါ် မူတည်ပြီး အဆင့် ၃ ဆင့်နဲ့ ဦးနှောက်ဆေးခဲ့ကြတာ ဖြစ်ပါတယ်–
နံပတ်(၁)ကတော့ တေဇလူငယ်အဖွဲ့ ဖြစ်ပြီး အသက် ၅ နှစ်မှ ၁၀ နှစ်ရှိ မူလတန်းကျောင်းသား ကလေးငယ်ဘဝကတည်းက အာဏာရှင်စနစ်ရဲ့ ဘောင်ထဲ သွတ်သွင်းပါတယ်။
နံပတ်(၂)က ရှေ့ဆောင်လူငယ်အဖွဲ့ဖြစ်ပါတယ်။ အသက် ၁၁ နှစ်မှ ၁၅ နှစ်ရှိ အလယ်တန်းနဲ့ အထက်တန်းကျောင်းသားအရွယ်တွေကို စုစည်းပြီး ပါတီဝါဒတွေကို စတင် ရိုက်သွင်းပါတယ်။
နံပတ်(၃)ကတော့ လမ်းစဉ်လူငယ်အဖွဲ့ပါ။ အသက် ၁၆ နှစ်မှ ၂၅ နှစ်ရှိ ကောလိပ်နဲ့ တက္ကသိုလ်ကျောင်းသား လူငယ်တွေနဲ့ ဖွဲ့စည်းပါတယ်။
အသက် ၁၈ နှစ်ပြည့်တာနဲ့ ဒီလမ်းစဉ်လူငယ်တွေကို မဆလပါတီရဲ့ “အရန်ပါတီဝင်” အဖြစ် လျှောက်ထားခိုင်းပြီး အဲဒီကမှ အသက် ၂၁ နှစ်ပြည့်လို့ သူတို့သတ်မှတ်ချက်နဲ့ ကိုက်ညီရင် “တင်းပြည့်ပါတီဝင်” ဆိုတဲ့ အာဏာရှင်စနစ်ရဲ့ သစ္စာခံ လက်ပါးစေအဆင့်အထိ ရောက်အောင် စက်ရုံတခုလို စနစ်တကျ ပုံသွင်းခဲ့တာ ဖြစ်ပါတယ်။
အာဏာရှင်တွေဟာ ဘယ်လောက်ပဲ စနစ်တကျ ပိတ်ဆို့ ပုံသွင်းပါစေ… လူငယ်တွေရဲ့ လွတ်လပ်ချင်တဲ့ စိတ်ဓာတ်ကိုတော့ ဘယ်တော့မှ အကြွင်းမဲ့ မချုပ်ကိုင်နိုင်ခဲ့ပါဘူး။
၁၉၈၁ ခုနှစ်မှာ လူငယ်ထု တရပ်လုံးက အာဏာရှင်စနစ်ကို သွေးအေးအေးနဲ့ သပိတ်မှောက်လိုက်တဲ့အတွက် ထိုစဉ်က ပါတီခေါင်းဆောင်ပိုင်းတွေ တုန်လှုပ်ချောက်ချားသွားခဲ့ရပါတယ်။
ဒီလိုနဲ့ လူငယ်တွေက ပါတီထဲ မဝင်တော့တဲ့အတွက် တက္ကသိုလ်၊ ကောလိပ်တွေရဲ့ ကျောင်းဝန်းတွေထဲအထိ “လမ်းစဉ်လူငယ်အဖွဲ့ စည်းရုံးရေးကော်မတီ” ဆိုတာတွေကို အတင်းအဓမ္မ လိုက်လံ တည်ထောင်ပြီး လူငယ်တွေကို အကြပ်ကိုင် ဖိနှိပ်တဲ့ နည်းဗျူဟာကို သုံးခဲ့ပါတယ်။
ဒီသမိုင်းအထောက်အထားတွေကို ပြန်ကြည့်ရင် အခု လက်ရှိ မအလ လုပ်နေတဲ့ ကစားကွက်ကို ကွက်ကွက်ကွင်းကွင်း မြင်သာပါလိမ့်မယ်။
အခု မအလဟာလည်း လက်ရှိ လူငယ်ထု တရပ်လုံးရဲ့ ငြင်းပယ်မှုကို ခံထားရပြီး စစ်မှုထမ်းဥပဒေကြောင့် ပြည်တွင်း လူငယ်အင်အား ပြုန်းတီးမှု အကျပ်အတည်းကို ရင်ဆိုင်နေရပါတယ်။
လုပ်အားပေးသဘောမျိုး စည်းရုံးလို့မရတော့မှန်း သိတဲ့အတွက် အတိတ်က မဆလခေတ်အတိုင်း တက္ကသိုလ်၊ ကောလိပ်နဲ့ စာသင်ကျောင်းတွေကို စစ်တပ်ရဲ့လွှမ်းမိုးမှုအောက် သွင်းဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။
လတ်တလော ရန်ကုန်နဲ့ နေပြည်တော်မှာ ဖွင့်လှစ်ဖို့ ပြင်ဆင်နေတဲ့ “တပ်မတော် လူငယ်ပညာရေးသင်တန်းကျောင်း” ဆိုတာဟာ မဆလခေတ်က “တေဇလူငယ်”၊ “ရှေ့ဆောင်လူငယ်” စနစ်တွေကို ခေတ်သစ်ပုံစံနဲ့ ပြန်လည် အသက်သွင်းပြီး ရေရှည် စစ်သားစုဆောင်းမယ့် ဗျူဟာ (Long-term Recruitment Pipeline) တခုကို ဖန်တီးလိုက်တာ ဖြစ်ပါတယ်။
ခေတ်ပျက်ကြီးထဲမှာ လမ်းပျောက်နေတဲ့ မိဘတွေနဲ့ လူငယ်တွေရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး ကိုယ့်ရင်သွေးတွေကို အာဏာရှင် ကာကွယ်ရေးအတွက် အသားကြိတ်စက်ထဲ ထည့်ဖို့ ကြံစည်နေတဲ့ သွေးအေးလှတဲ့ မဟာဗျူဟာ ဖြစ်ပါတယ်။
အခု ၂၀၂၆ ခုနှစ် ဒစ်ဂျစ်တယ်ခေတ် ဖြစ်ပါတယ်။ လူငယ်တွေဟာ VPN တွေ၊ ဆိုရှယ်မီဒီယာတွေက တဆင့် အမှန်တရားကို မိနစ်ပိုင်းအတွင်း သိနိုင်ကြတဲ့အတွက် စစ်တပ်ရဲ့ ဝါဒဖြန့်ကျောင်းတွေဟာ သစ္စာခံတွေ ထွက်လာမယ့်အစား၊ စနစ်ကို အတွင်းကျကျ ပိုမုန်းတီးသွားမယ့် တန်ပြန်သက်ရောက်မှုကိုပဲ ကြုံရပါလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ သတင်းအချက်အလက်တွေကို ပိတ်ဆို့ပြီး ဝါဒဖြန့်လို့ရခဲ့တဲ့ မဆလ ခေတ်မှာတောင် တေဇ၊ ရှေ့ဆောင်၊ လမ်းစဥ် စတဲ့ လူငယ်အဖွဲ့အဆင့်ဆင့်ကနေ ၆ ရာခိုင်နှုန်းကျော်ပဲ ပါတီထဲ သွင်းနိုင်ခဲ့တာပါ။ ဒါပေမယ့် ဒီ ၆ရာခိုင်နှုန်းကျော်နဲ့ စစ်တပ်ရဲ့ ဝါဒဖြန့်မှုအဆက်ဆက်ကပဲ တိုင်းပြည်ကို အာဏာရှင်စနစ်နဲ့ လက်ဆင့်ကမ်းအုပ်ချုပ်လာနိုင်ခဲ့တာကို မမေ့ဖို့ လိုပါတယ်။
ပြည်သူရော အာဏာရှင်ပါ သမိုင်းကို သင်ခန်းစာမယူရင် သမိုင်းရဲ့ သားကောင် ပြန်ဖြစ်ရတတ်ပါတယ်။ ဒီနေ့ ကျနော်တို့ရဲ့ကလေးတွေကို ပညာတတ်စေချင်လို့ဆိုတဲ့ စိတ်တခုတည်းနဲ့ ဒီလို စစ်ဝါဒဖြန့် သင်တန်းကျောင်းတွေ၊ စနစ်ဆိုးရဲ့စာသင်ခန်းတွေထဲ မျက်လုံးမှိတ် လွှတ်လိုက်မယ်ဆိုရင်… နောင်တချိန်မှာ ကိုယ့်ရင်သွေးတွေဟာ ပြည်သူ့ဘက်က ရပ်တည်မယ့်သူတွေ ဖြစ်မလာဘဲ၊ ပြည်သူကို ပြန်သတ်မယ့် အာဏာရှင်ရဲ့လက်ပါးစေတွေ ဖြစ်မလာဘူးလို့ ဘယ်သူ အာမခံနိုင်မလဲ။
အနာဂတ် ပျောက်ဆုံးခြင်းနှင့် ထွက်ပေါက်ရှာခြင်း
နိုင်ငံရေးသိပ္ပံရှုထောင့်က ကြည့်လိုက်ရင် စစ်ကောင်စီဟာ သေနတ်နဲ့တင် တိုက်ခိုက်၊ အုပ်ချုပ်နေတာ မဟုတ်ပါဘူး။ သူတို့ဟာ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အနာဂတ် မျိုးဆက် သုံးခုစလုံးကို တပြိုင်နက်တည်း ထောင်ချောက်ဆင် ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။
ဒါဟာ မဟာဗျူဟာမြောက် လူသားအရင်းအမြစ် ဓားပြတိုက်မှု (Asymmetric Human Resource Warfare) ပဲ ဖြစ်ပါတယ်။ ကျနော်တို့အားလုံး ရင်ဆိုင်နေရတဲ့ သောကဇာတ်ပွဲကြီးကို အလွှာလိုက် ခွဲစိတ်သလို ခွဲခြမ်းစိတ်ဖြာကြည့်ကြရအောင်။
၁။ အသားကြိတ်စက်ထဲက လူငယ် ပစ်မှတ်များ
ပထမဆုံး ပစ်မှတ်ကတော့ အသက် ၁၅ နှစ်ကနေ ၂၀ ကျော် အရွယ် လူငယ်တွေ ဖြစ်ပါတယ်။ အာဏာရှင်စနစ်က လူငယ်တွေရဲ့ ဉာဏ်ပညာ၊ စွမ်းရည်နဲ့ အိပ်မက်တွေကို စိတ်ဝင်စားမှု မရှိပါဘူး။ သူတို့ လိုချင်တာက စစ်မြေပြင်မှာ အသုံးချမယ့် အသွေးအသားနဲ့ အမိန့်ကို မျက်စိမှိတ် နာခံမယ့် စက်ရုပ်တွေပဲ ဖြစ်ပါတယ်။ လူငယ်တွေရဲ့ အနာဂတ်ကို သူတို့ သတ်မှတ်ထားတဲ့ ဘောင်တခုထဲ အတင်းရိုက်သွင်းပြီး ထွက်ပေါက်မဲ့နေပြီလို့ ထင်အောင် စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေတာ ဖြစ်ပါတယ်။
၂။ စနစ်ဆိုးကို ဖောက်ထွက်မယ့် နည်းဗျူဟာမြောက် လမ်းပြ လူလတ်ပိုင်းများ
ဒုတိယအလွှာကတော့ အသက် ၃၀ ဝန်းကျင် အစ်ကို၊ အစ်မ၊ ဦးလေး၊ အဒေါ် အရွယ် လူလတ်ပိုင်း မျိုးဆက်တွေ ဖြစ်ပါတယ်။ ဒီမျိုးဆက်ဟာ တဖက်မှာ ကိုယ်တိုင်လည်း ခေတ်ပျက်ရဲ့ ဒဏ်ကို ခံနေရသလို၊ တဖက်မှာလည်း ကိုယ့်ရဲ့ ညီငယ် ညီမငယ်တွေ အနာဂတ် ပျောက်ဆုံးနေတာကို ကြည့်နေရတဲ့ မျိုးဆက်ပါ။
ဒီနေရာမှာ ကျနော်တို့ တွေးရမယ့် နိုင်ငံရေးသိပ္ပံ သဘောတရား တခု ရှိပါတယ်။
အာဏာရှင်က ရုပ်ပိုင်းဆိုင်ရာအရ ဝန်းရံပိတ်ဆို့ထားရင် ကျနော်တို့ဘက်က တန်ပြန်ဗျူဟာ နဲ့ ဖောက်ထွက်ရပါမယ်။ ရိုးရိုးရှင်းရှင်း ပြောရရင် ခေတ်ပျက်ထဲမှာ ရိုးသားစွာ ဖောက်ထွက် ကျင့်ကြံနေထိုင်ခြင်းလို့ပဲ ဆိုပါရစေ။
သူတို့အာဏာတည်မြဲရေးအတွက် လူငယ်တွေကို စတေးနေတဲ့ စစ်အာဏာရှင်တွေလက်အောက်က ပညာရေးထောင်ချောက်ထဲကနေ ရုန်းထွက်နိုင်မယ့်ထွက်ပေါက်နည်းလမ်းသုံးခုကို ဆောင်းပါးရဲ့အပိုင်း (၂) မှာ ဆက်လက်တင်ပြသွားပါမယ်။
(ဤဆောင်းပါးကို Ayeyarwaddy Times သတင်းဌာနနဲ့ The Book Reader Commentary တို့ ပူးပေါင်းတင်ဆက်ထားပါတယ်။)