ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၄ ရက်
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာအနီးကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ သုံးကြိမ်တိုင်တိုင် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် တောင်ယာတဲအတွင်းရှိ စစ်ဘေးရှောင် မိသားစုဝင် ငါး ဦး သေဆုံးပြီး လေဦးး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အောက်တိုဘာလ ၂၃ ရက် ညနေပိုင်းတွင် မိတ္ထီလာနှင့် မကွေး လေတပ်စခန်းများမှ တက်လာသည့် ဂျက်ဖိုက်တာနှစ်စီးဖြင့် ကန့်ဘလူမြို့နယ်အတွင်းသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ညနေ ၆ နာရီ ၁၅ မိနစ်ခန့်တွင် မိတ္ထီလာမှ တက်လာသော ဂျက်ဖိုက်တာတစ်စီးက မလယ်တိုက်နယ်၊ ထန်းတောကျေးရွာအနီးရှိ တောင်ယာတဲများပေါ်သို့ ဗုံးကြဲချခဲ့ရာ တဲပေါ်သို့ တိုက်ရိုက်ကျရောက်ပေါက်ကွဲခဲ့ပြီး မိသားစုဝင် ငါးဦးစလုံး နေရာတွင်ပင် သေဆုံးခဲ့သည်။
သေဆုံးသူများမှာ ထန်းတောရွာမှ ဒေါ်ပြား (၄၆) နှစ်၊ ကိုကျော်ဝင်းအောင် (၄၀) နှစ်၊ မသီတာဝင်း (၃၂) နှစ်၊ မောင်လင်းထက်အောင် (၃၀) နှစ်နှင့် ကိုစည် (၂၆) နှစ်တို့ ဖြစ်ကြသည်။ ဒေါ်ပြား၊ မသီတာဝင်းနှင့် မောင်လင်းထက်အောင်တို့မှာ မောင်နှမအရင်းများဖြစ်ပြီး ကိုစည်မှာ ဒေါ်ပြား၏ သားဖြစ်ကြောင်း ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။
ထို့အပြင် ယင်းတိုက်ခိုက်မှုကြောင့် ဒေါ်ပြား၏ ညီမဖြစ်သူ အပါအဝင် အမျိုးသမီးလေးဦးပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြသည်။
”မိသားစုလိုက် ကုသိုလ်ဒါနပြုချိန်၊ အပြန်အလှန် ကန်တော့ပြီး ပျော်ရွှင်ကြည်နူးနေရမယ့် သီတင်းကျွတ်ကာလကြီးမှာ တစ်အိမ်တည်း မိသားစုဝင် ငါး ဦးလုံးသေဆုံးလို့ နာရေးလုပ်ရမယ်တဲ့။ တွေးကြည့်လိုက်၊ စိတ်သာခံနိုင်ရည်မရှိရင် ရူးသွားနိုင်တဲ့ အဖြစ်ဆိုးကြီးပါကွယ်။ ပြောတော့ သာသနာပြုမင်းဆိုပြီး ဘုန်းကြီးကျောင်းနဲ့ သာသနာ့အဆောက်အအုံတွေပဲ ကြဲပြနေတော့ ဦးကြီးတို့ကို ဘုန်းကြီးကျောင်းမသွားရဲလို့ ဘာသာမဲ့ရမတတ် ဖြစ်နေပြီ” ဟု ဒေသခံတစ်ဦးကပြောသည်။
ထို့ပြင် အောက်တိုဘာ ၂၃ရက် ညနေ ၆ နာရီ ၅၀ မိနစ်ခန့်တွင်လည်း မကွေးမှ တက်လာသည့် ဂျက်ဖိုက်တာတစ်စီးက ချောင်းသာကျေးရွာသို့ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ဆက်လက်ပြုလုပ်ခဲ့ရာ ဒေသခံများ၏ နွား နှစ်ကောင် သေဆုံးခဲ့သည်။
ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူများသည် စစ်တပ်၏ လေကြောင်းအန္တရာယ်ကို စိုးရိမ်သဖြင့်လည်းကောင်း၊ တောင်ယာလုပ်ကိုင်သည့် ရာသီဖြစ်သဖြင့်လည်းကောင်း ကျေးရွာများအတွင်း မနေထိုင်ကြဘဲ တောင်ယာများတွင် တဲများဆောက်လုပ်ကာ မိသားစု ဆွေမျိုးအစုလိုက် သွားရောက်နေထိုင်ကြစဉ် ယခုကဲ့သို့ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။
စစ်တပ်သည် အရပ်သားပြည်သူများကို ပစ်မှတ်ထား၍ ကျေးရွာများ၊ ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းများကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် သီတင်းကျွတ်အခါသမယအတွင်း ပြည်သူများအနေဖြင့် လူစုလူဝေးပြုလုပ်ရာတွင် လေကြောင်းသတိဖြင့် ဂရုတစိုက် နေထိုင်ကြရန် ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က သတိပေးနှိုးဆော်ထားသည်။