ဧရာ၀တီတိုင်းမ်
(တောင်ငူ)၊ အောက်တိုဘာ ၂၄ ရက်
ပဲခူးတိုင်း၊ တောင်ငူမြို့တွင် မူးယစ်ဆေးဝါး ရောင်းချသူထံမှ လစဉ်ကြေး (လိုင်းကြေး) ကောက်ခံခွင့် ပြုထားသည်ဆိုသည့် စစ်ဆေးပေါ်ပေါက်ချက်အရ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ စစ်ဆေးခံနေရကြောင်း မြို့ခံများနှင့် ရဲသတင်းရင်းမြစ်များထံမှ သိရသည်။
တောင်ငူမြို့၊ အမှတ် (၂) ရပ်ကွက်၊ သရက်မှော်ရပ်၌ မူးယစ်ဆေးဝါးများကို ပေါ်ပေါ်ထင်ထင် ရောင်းချနေသူ”ဘောကြီး” ဆိုသူကို ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက် ညနေပိုင်းတွင် ရွေးတုအစိုးရ စစ်တပ်၊ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) က ၎င်း၏နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးရာ မူးယစ်ဆေးပြား ၈,၀၀၀ ကျော်နှင့်အတူ ဝင်ရောက်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိသူ “ဘောကြီး” ကိုစစ်ဆေးရာမှတစ်ဆင့် မူးယစ်ဆေးရောင်းချခွင့်ပြုရန်အတွက် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များကို လစဉ်ကြေး (လိုင်းကြေး) ပေးဆောင်ခဲ့ရသည့် ကိစ္စပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် အမှတ် (၂) နယ်မြေရဲစခန်းမှူး ရဲအုပ်ကောင်းဟန်၊ အပိုင်နယ်ထိန်း တပ်ကြပ်ကြီး အေးကျော်၊ ခရိုင်ဒုရဲအုပ် ဖြိုးဝေလင်းနှင့် မူးယစ်အထူးရဲတပ်ဖွဲ့မှ ရဲအုပ်တစ်ဦးတို့အပါအဝင် တာဝန်ရှိ သူများကို မူလတာဝန်များ ရပ်ဆိုင်းကာ အထူးအဖွဲ့ဖြင့် စုံခုံဖွဲ့စစ်ဆေးလျက်ရှိကြောင်း သိရသည်။
“ဘောကြီးက မူးယစ်ဆေးရောင်းနေတာကြာပြီ။ လိုင်းကြေးပေးထားတော့ စျေးဗန်းခင်းထားသလို ပေါ်တင်ရောင်းနေတာ။ အခုဖမ်းတာကလည်း ရဲဖမ်းတာမဟုတ်ဘူး ။ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ ( စရဖ) ဝင်ဖမ်းလိုက်တာ ။ ဘောကြီးကို စစ်ဆေးတဲ့အခါ လိုင်းကြေးပေးရတဲ့ ကိစ္စ ပေါ်သွားလို့ ရဲတွေ စစ်ဆေးခံလိုက်ရတာပါ” ဟု ရဲသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် တောင်ငူမြို့၌ KTV၊ စင်တင်ဘား၊ အနှိပ်ခန်းများနှင့် ကျောင်းများတွင်ပါ မူးယစ်ဆေးဝါး ပျံ့နှံ့မှုများပြားနေပြီး ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်က KTV တစ်ခုတွင် မူးယစ်ဆေးသုံး စွဲနေသူများနှင့်အတူ ရွေးတုအစိုးရစစ်တပ်မှ ဗိုလ်ကြီးတစ်ဦးကိုပါ လက်ရဖမ်းဆီးရမိခဲ့သည်။ သို့သော် ဗိုလ်ကြီးကို စစ်တပ်က ပြန်လည်ခေါ်ဆောင်သွား၍ အရပ်သား ခြောက်ဦးကိုသာ အမှုဖွင့်အရေး ယူခဲ့သည်။
” မူးယစ်အထူးရဲတပ်ဖွဲ့က ရဲအုပ်တစ်ဦးပါတယ်။ သူ့နာမည်တော့ မသိဘူးဗျ။ အမှတ် (၂)နယ်မြေ ရဲစခန်းမှူး ရဲအုပ်ကောင်းဟန် ၊ အပိုင်နယ်ထိန်း တပ်ကြပ်ကြီး အေးကျော် ၊ ခရိုင် ဒန ဒုရဲအုပ် ဖြိုးဝေလင်း တို့ပါတယ်။ သူတို့ကို မူလတာဝန်တွေ ရပ်ဆိုင်းထားပြီး အထူးအဖွဲ့က စုံခုံဖွဲ့စစ်ဆေးနေတယ် “ဟု ရဲသတင်းရင်းမြစ်ကဆိုသည်။
လက်ရှိ တောင်ငူမြို့တွင် မူးယစ်ဆေးဝါး ပျံ့နှံ့မှု လွန်စွာ ဆိုးရွားနေပြီး ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်က အမှတ် (၁၀) ရပ်ကွက်တွင် မူးယစ်ဆေး သုံးစွဲထားသည့် သားဖြစ်သူက မိခင်ဖြစ်သူအား ဓားဖြင့် ခုတ်သတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
ထို့ပြင် အောက်တိုဘာ ပထမပတ်ကလည်း တောင်ငူ အထက (၃) ကျောင်းတွင် အလယ်တန်း ကျောင်းသူ တစ်ဦး ကျောင်းတွင်း မူးယစ်ဆေး ရောင်းချနေသည်ကို တွေ့ရှိရသဖြင့် ကျောင်းထုတ် ခဲ့ရသည်။