ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၄ ရက်

ယူကရိန်းနိုင်ငံ၊ အိုလက်ရှ်ကီမြို့မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နိုင်ရေးနဲ့ စစ်ဘေးရှောင် ပြည်သူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းနိုင်ရေး ယာယီ အပစ်အခတ်ရပ်စဲဖို့ ရုရှားနဲ့ ယူကရိန်းတို့ သဘောတူလိုက်ပါတယ်။

စစ်ပွဲကို အဆုံးသတ်နိုင်ဖို့ အမေရိကန်အစိုးရက သံတမန်ရေးအရ ကြိုးပမ်းနေချိန်မှာ အခုလို ယာယီ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့တာဖြစ်ပြီး အောက်တိုဘာ ၂၇ ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။

ယာယီ အပစ်အခတ်ရပ်စဲဖို့ အမေရိကန်သမ္မတကတော် မီလာနီယာထရမ့်က ကြားဝင်ညှိနှိုင်းပေးခဲ့တာလို့ နှစ်ဖက်စလုံးက အတည်ပြုထားပါတယ်။

ယူကရိန်းသမ္မတ ဇီလန်စကီးက နိုဝင်ဘာလ ပထမပတ်အတွင်း အဘူဒါဘီမှာ အမေရိကန်၊ ရုရှားတို့နဲ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ သဘောတူထားတယ်လို့ သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

ယခုဆွေးနွေးမှုတွေဟာ လာမယ့်သီတင်းပတ်တွေအတွင်း ခေါင်းဆောင်ပိုင်း တွေ့ဆုံရေးအတွက် လမ်းခင်းပေးနိုင်မယ်လို့ ယူကရိန်းက မျှော်လင့်နေပေမဲ့ ယခင် ဆွေးနွေးပွဲတွေမှာ ရုရှားရဲ့ နယ်မြေတောင်းဆိုမှုတွေကြောင့် အဆင်မပြေဖြစ်ခဲ့ပါတယ်။

အိုလက်ရှ်ကီမြို့ဟာ ရုရှားတပ်တွေ သိမ်းပိုက်ထားတဲ့ ပိုင်နက်ဖြစ်ပြီး လက်ရှိမှာ အစားအသောက် လိုအပ်ချက်အပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတိုင်းတွေ ရင်ဆိုင်နေရပါတယ်။

အကူအညီပေးရေး လမ်းကြောင်းတွေပေါ်မှာရှိတဲ့ မြေမြှုပ်မိုင်းတွေကို ဖယ်ရှားပြီး စစ်ဘေးရှောင် ၁,၇၀၀ မှ ၂,၀၀၀ နီးပါးကို လုံခြုံစွာ ရွှေ့ပြောင်းပေးသွားမယ်လို့ ယူကရိန်း လူ့အခွင့်အရေးဆိုင်ရာ တာဝန်ရှိသူတွေက ဆိုပါတယ်။

ဇီလန်စကီးအနေနဲ့ အနာဂတ် ငြိမ်းချမ်းရေး သဘောတူညီချက်မှာ ယူကရိန်းအတွက် ခိုင်မာတဲ့ လုံခြုံရေး အာမခံချက်တွေနဲ့ စစ်တပ် ရပ်တည်နိုင်ရေးအတွက် ၁၀ နှစ်စာ ရန်ပုံငွေ အထောက်အပံ့တွေ ရရှိဖို့ လိုလားနေပါတယ်။

အမေရိကန်နဲ့ ယူကရိန်းကြား စတာလင့်ခ်ဂြိုဟ်တု အင်တာနက်အမြန်နှုန်း လျှော့ချထားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ စိတ်ဝမ်းကွဲမှုအချို့ ရှိနေဆဲ ဖြစ်ပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်က အင်တာနက်ဝန်ဆောင်မှုတွေ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီလို့ ပြောဆိုခဲ့ပေမဲ့ စတာလင့်ခ် ကွန်ရက်အမြန်နှုန်း ကန့်သတ်ထားမှုတွေ ရှိနေဆဲလို့ ယူကရိန်း တာဝန်ရှိသူတွေက သောကြာနေ့မှာ ပြောဆိုခဲ့ပါတယ်။

အမေရိကန်ရဲ့ စက်သုံးဆီဈေးနှုန်း ထိန်းချုပ်ရေး မူဝါဒအရ ရုရှား ဒီဇယ်ဆီတွေကို အမေရိကန်နဲ့ ကမ္ဘာ့ဈေးကွက် တင်ပို့ခွင့်ပြုလိုက်တဲ့ ဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ချက်ကို ယူကရိန်းက ဝေဖန်ခဲ့ပါတယ်။

သံတမန်ရေးရာ တင်းမာမှုတွေ ရှိနေပေမယ့် ပြီးခဲ့တဲ့ သောကြာနေ့က ရုရှားနဲ့ ယူကရိန်းတို့ကြား စစ်သုံ့ပန်း ၅၄၀ ဉီးကို အောင်မြင်စွာ လဲလှယ်ခဲ့ပါတယ်။

ရုရှားကျူးကျော်စစ် စတင်ခဲ့တဲ့ ၄ နှစ်ကျော်ကာလအတွင်း ယူကရိန်းအရပ်သား ၁၉,၀၀၀ ဉီး ထက်မနည်း သေဆုံးခဲ့ပြီလို့ သိရပါတယ်။

News: India Today/Reuters
Ref; Russia, Ukraine agree to Oleshky ceasefire as peace talks set for next month