ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၄ ရက်

 

မလေးရှားနိုင်ငံတွင် မြန်မာအပါအဝင် တရားမဝင် နေထိုင်အလုပ်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများကို အမြစ်ပြတ်ဖမ်းဆီးနိုင်ရေးအတွက် စစ်တပ်ပါ ပူးပေါင်းအသုံးပြု၍ စစ်ဆင်ရေးအသွင် ပိတ်ဆို့ရှင်းလင်းရန် အတိုက်အခံ လွှတ်တော်အမတ်က လွှတ်တော်တွင် တိုက်တွန်းပြောကြားလိုက်သည်။

 

လက်ရှိ လူဝင်မှုကြီးကြပ်ရေးဌာန တွင် မြေပြင်စစ်ဆေး ဖမ်းဆီးရေး လုပ်ဆောင်ရန် ဝန်ထမ်းအင်အား မလုံလောက်မှုများရှိနေပါက စစ်တပ်ကို တာဝန်ပေးအပ်၍ အင်အားဖြည့်တင်းသင့်ကြောင်း အတိုက်အခံ ညွန့်ပေါင်းအဖွဲ့၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ လွှတ်တော်အမတ် Dr.Mohd Radzi Jidin က တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

 

“ဒါဟာ အတိုက်အခံအမတ်ရဲ့ အဆိုပြုချက်အဆင့်ပဲ ရှိသေးပြီး အစိုးရက တရားဝင် အမိန့်ထုတ်ထားတာ မရှိသေးပေမဲ့လည်း ကျွန်တော်တို့ မြန်မာလုပ်သားတွေအနေနဲ့ မလိုအပ်ဘဲ အပြင်မထွက်ဖို့၊ အလုပ်သွားရင် အစုအဖွဲ့နဲ့ သွားကြဖို့နဲ့ သတင်းအမှားတွေ မယုံဘဲ သတိနဲ့ သွားလာကြဖို့ တိုက်တွန်းချင်ပါတယ်”ဟု မလေးရှားရောက် မြန်မာ လူမှုကူညီရေးဆောင်ရွက်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် လွှတ်တော်အမတ် Dr.Mohd Radzi Jidin က ဖမ်းဆီးရမိသည့် တရားမဝင် လုပ်သားများကိုလည်း လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် အချိန်ကြာမြင့်စွာ ထိန်းသိမ်းမထားဘဲ နေရပ် အမြန်ဆုံး ပြန်လည်ပို့ဆောင်ရန် တောင်းဆိုထားသည်။

 

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မူဝါဒ (UNHCR) အပေါ်တွင်လည်း ပိုမိုတင်းကျပ်သည့် ကိုင်တွယ်မှုများ ပြုလုပ်ရန်လည်း ပြောဆိုထားသည်။

 

အခြားတစ်ဖက်တွင်လည်း စစ်တပ်အင်အားသုံး ဖမ်းဆီးရန် တောင်းဆိုမှုသည် ပြည်သူများ၏ ထောက်ခံမှု ရရှိစေရန်အတွက် နိုင်ငံရေးအရ အမြတ်ထုတ် လှုံ့ဆော်သည့် လုပ်ရပ်သာ ဖြစ်ကြောင်း ဝေဖန်‌ကြသည်။

 

“ဒုက္ခသည် လျှောက်ထားလို့ UNHCR စက္ကူရှိရင်တောင် အမတ်က UNHCR ပါ တင်းကျပ်ဖို့ ပြောထားတော့ ဘာမှ အာမ မခံတော့သလိုပဲ။ အရင်လို အကာအကွယ် မရတော့မှာကို အရမ်းစိုးရိမ်မိတယ်” ဟု မလေးရှားရောက် တရားမဝင် နေထိုင်လုပ်ကိုင်နေသည့် ခူမီး(ချင်း)အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

မလေးရှားတွင် တရားမဝင် နေထိုင်အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများကို စစ်တပ်အင်အားသုံးပြီး မြို့တော် ကွာလာလမ်ပူအပြင် မြို့ကြီးများတွင် စစ်ဆင်ရေးအသွင်ဖြင့် ဖမ်းဆီးမှုများ ဆောင်ရွက်ခဲ့သည့်ဖြစ်စဉ်များ ရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ကိုဗစ်-၁၉ ကာလတုန်းကလည်း မလေးရှား နယ်စပ်တလျှောက်တွင် တရားမဝင် ဝင်ရောက်လာမှုကို တားဆီးနှိမ်နင်းရန်အတွက် စစ်တပ်သည် ရဲတပ်ဖွဲ့၊ လဝက တို့နှင့်အတူ လုံခြုံရေးဆောင်ရွက်ခဲ့သည်။