‎‎ဧရာဝတီတိုင်းမ်
‎ဇွန် ၉ ရက်

‎‎အာရက္ခတပ်တော် AAနှင့် ရင်ဆိုင်ရတိုင်း စစ်ရှုံးအထိနာလာသည့် ရွေးတုအစိုးရစစ်တပ်၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်တိုင်းမှူးက AAနှင့် ကျောင်းသားလက်ရုံးတပ်တော် SAF တို့ လက်နက်ချလာသည်ဟု ဝါဒဖြန့်လာကြောင်း သိရသည်။

‎ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးလက်ထက်တွင် အသစ်ခန့်အပ်လိုက်သည့် အသက်အငယ်ဆုံး စစ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျောဇောနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး ဦးဆောင်၍ စစ်တွေတပ်နယ်တွင် လက်နက်ချအလင်းဝင်လာသည့် AA ငါးဦးနှင့် SAFတစ်ဦးတို့ကို ဂုဏ်ပြုပွဲပြုလုပ် မိဘများထံအပ်နှံကြောင်း ဝါဒဖြန့်ပွဲတစ်ရပ်ကို ယမန်နေ့ ဇွန် ၈ရက်က ပြုလုပ်ခဲ့သည်။

‎”စစ်တိုင်းမှူး ဖယ်ခုံ စကခ ၇ကပြောင်းလာတဲ့ ဗိုလ်မှူးချုပ်ကျောဇော၊ အငယ်ဆုံးဆိုတော့ လုပ်ကွက်ပြတာပေါ့။ ကျွန်တော်လည်း ရခိုင်မှာ AAနဲ့စစ်တိုက်ဖူးတယ်။ AA ကို အရှင်မြင်ဖူးချင်ရင် လက်နက်ချလိုက်။ ဒါဆိုရင် AAကိုအရှင်မြင်ရလိမ့်မယ်။ AAရဲ့ အလောင်း၊ လက်နက်ရတယ်ဆိုတာ ရှားရှားပါးပါးပါပဲ။ မရှိပါဘူး။ အလင်းဝင်တယ်ဆိုတာလည်း တမင်သက်သက် ဝါဒဖြန့်တာပေါ့” ဟု CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎ရခိုင်ရှိ မင်းပြား၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ အမ်းတို့မှ AA ငါးဦးနှင့်အတူ စစ်ကိုင်းတိုင်း၊ ရွှေဘို မှအမျိုးသားတစ်ဦးတို့ လက်နက်ချလာသည်ဟု ဝါဒဖြန့်လာပြီး လွတ်မြောက်နယ်မြေများမှ စစ်တွေအထိ လာရောက်လက်နက်ချသည့်ဖြစ်ရပ်မှာ အလွန်အကျူးဝါဒဖြန့်ခြင်းဖြစ်သည်။

‎စစ်တိုင်းဌာနချုပ်များထံ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ အလင်းဝင်လာသည်ဟုဆိုကာ မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာချုပ်က ဝါဒဖြန့်ပွဲကို စတင်ခဲ့ခြင်းဖြစ်ပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် ယခုအခါ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်ပါ အားကျမခံ ဝါဒဖြန့်လာခြင်းဖြစ်သည်။

‎ကျောက်ဖြူတိုက်ပွဲတွင် အထိနာနေသည့် စစ်တပ်က စစ်ဆေးရုံများသို့ပါ လှည့်လည်ကြည့်ရှုလာပြီးနောက် အထိနာရှုံးနိမ့်မှုကို ဖုံးကွယ်ရန် AAများ လက်နက်ချနေပြီဖြစ်ကြောင်း ဝါဒဖြန့်လာခြင်းဖြစ်သည်။