ဧရာဝတီတိုင်းမ်
ဇွန် ၉ရက်
ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်အစပ်၊ ရေကြည်မြို့နယ်နှင့် ရခိုင်ရိုးမအစပ်တွင် တည်ရှိသော ကြောင်လျှာကျေးရွာအနီးတွင် အာရက္ခတပ်တော် (AA) နှင့် ရွေးတုအစိုးရ စစ်တပ်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားနေကြောင်း သိရသည်။
ရွေးတုအစိုးရစစ်တပ်သည် ထိခိုက်ဒဏ်ရာရရှိသူများကို သယ်ယူရန်နှင့် ရိက္ခာထောက်ပံ့ရန်အတွက် အရပ်သားပိုင် လုပ်ငန်းသုံးယာဉ်များနှင့် လှည်းများကို အဓမ္မချောဆွဲခိုင်းစေမှုများ ပြုလုပ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ကြောင်လျှာကျေးရွာဘက်တွင် ယမန်နေ့ ဇွန် ၈ ရက် နံနက်ပိုင်းမှစတင်၍ တိုက်ပွဲများ ပြင်းထန်ခဲ့ ခြင်းဖြစ်ပြီး အဆိုပါတိုက်ပွဲအတွင်း ကနဦးအနေဖြင့် AA က ရွေးတုအစိုးရတပ်ဖွဲ့ဝင် စစ်သား ရုပ်အလောင်း ကိုး လောင်းနှင့် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိထားပြီး ဒဏ်ရာရရှိသူ အမြောက် အမြား ရှိနေကြောင်း သိရသည်။
“ကြောင်လျှာဘက်က စစ်သားအလောင်းတွေကို ဆက်တိုက် ပြန်သယ်နေတာ။ လူနာတွေကိုလည်း စက်ဒေါင့်ကြီးကနေ ကားတွေနဲ့ သယ်နေတာ တွေ့ရတယ်။ တိုက်ပွဲကတော့ အခုထိ ပြင်းထန်နေတုန်းပဲ” ဟု သာပေါင်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်တပ်သည် ဒဏ်ရာရရှိထားသည့် စစ်သားများကို သယ်ယူပို့ဆောင်ရန်အတွက် ကမ္ဘားကြီးကျေးရွာမှ လှည်းများကို အဓမ္မ စေလွှတ်ခိုင်းထားရာ အဆိုပါလှည်းများနှင့် ရွာခံများမှာ ယနေ့တိုင် ပြန်လည်ရောက် ရှိလာခြင်း မရှိသေးပေ။ လက်ရှိတွင် ဒေသတွင်း၌ မိုးသည်းထန်စွာ ရွာသွန်းနေခြင်းကြောင့် သွားလာရေး ကြန့်ကြာမှုများနှင့်ပါ ရင်ဆိုင်နေရကြောင်း သိရသည်။
ထို့ပြင် ရွေးတုအစိုးရ၏ မြို့နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများသည် ကျေးရွာများအတွင်း ကွင်းဆင်းကာ ဈေးဆိုင်ပိုင်ရှင်များ၊ လှည်း၊ ဆိုင်ကယ်နှင့် ကားပိုင်ရှင်များကို အဓမ္မ စုဆောင်းခေါ်ယူပြီး စစ်တပ်အတွက် လိုအပ် သည်များကို မဖြစ်မနေ ကူညီပံ့ပိုးပေးရန် ဖိအားပေး ညွှန်ကြားထားကြောင်း သိရသည်။
ယမန်နေ့ ဇွန် ၈ ရက် ည ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်ကလည်း ဘိုးတော်ကုန်းရွာမှ လှည်း လေးစီးဖြင့် လာရောက်ပို့ဆောင်သော ရွေးတုအစိုးရစစ်တပ်မှ ဒဏ်ရာရလူနာများကို စက်ဒေါင့်ကြီးကျေးရွာမှ တစ်ဆင့် ညတွင်းချင်းပင် ကားများဖြင့် ဆက်လက်သယ်ဆောင်သွားကြောင်း မြေပြင်သတင်းများအရ သိရသည်။
ယနေ့ ဇွန် ၉ ရက် နံနက်ပိုင်းတွင်မူ ရာသီဥတု အနည်းငယ် ကောင်းမွန်လာသဖြင့် ဂျက်ဖိုက်တာ စစ်လေယာဉ်တစ်စင်း တက်လာပြီး တိုက်ပွဲဖြစ်ပွားရာ ကြောင်လျှာကျေးရွာဘက်သို့ ဦးတည်ပျံသန်းသွား ကြောင်း သိရသည်။
ရွေးတုအစိုးရစစ်တပ်အနေဖြင့် စစ်ရေးရှုံးနိမ့်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် ယမန်နေ့ ဇွန် ၈ ရက် ညနေ ၃ နာရီခန့်ကလည်း သာပေါင်းမြို့နယ် မရမ်းချိုရှိ စစ်တပ်စခန်းတစ်ခုမှ ဗိုလ်အဆင့်ရှိသူတစ်ဦး အပါအဝင် အခြား အဆင့်ရှိသူ သုံး ဦး စခန်းကို စွန့်ခွာ ထွက်ပြေးသွားခဲ့သည်။
ထိုသို့ ထွက်ပြေးသွားသည့် စစ်တပ် အရာရှိနှင့် စစ်သားများကို လိုက်လံရှာဖွေ ပိတ်ဆို့ဖမ်းဆီးရန်အတွက် မရမ်းချိုကျေးရွာရှိ စာသင်ကျောင်းဝန်းကျင်တွင် အဓမ္မ ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေသဖြင့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ အထိတ်တလန့် ဖြစ်နေကြောင်း သိရသည်။
စစ်တပ်မှ ထွက်ပြေးသွားသူများအား ပြန်လည်ဖမ်းဆီးမိခြင်း ရှိ၊ မရှိကိုမူ လက်ရှိအချိန်ထိ အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)