ဧရာဝတီတိုင်းမ်
ဇွန် ၉ ရက်
ဖဲကြဉ်ခံ ရွေးတုအစိုးရက သံတမန်ရေးထွက်ပေါက်ရှာရန်အတွက် အာဆီယံအဖွဲ့အတွင်း သြဇာအင်အား ကြီးမားသည့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကို နေပြည်တော်သို့ ဖိတ်ကြား၍ သံတမန်ရေးနှင့် နှစ်နိုင်ငံဆက်ဆံရေး ကဏ္ဍသစ်ဖွင့်လှစ်နိုင်ရန် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အာဏာလုယူမှုကြောင့် ကုလသမဂ္ဂ၊ နိုင်ငံတကာနှင့် အာဆီယံမျက်နှာစာတွင် အပယ်ခံထားရသော စစ်အုပ်စုအသွင်ပြောင်း ရွေးတုအစိုးရသည် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာဆူဂီအိုနိုနှင့်အဖွဲ့ကိုနေပြည်တော်သို့ ဖိတ်ကြားခြင်းကြောင့် ယမန်နေ့ ဇွန်လ ၈ ရက်က တစ်ရက်တာ ခရီးစဉ်အဖြစ် ရောက်ရှိလာခြင်း ဖြစ်သည်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးအဖွဲ့ လာရောက်မှုကို စစ်ခေါင်းဆောင်အသွင်ပြောင်း ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်နှင့် ၎င်း၏လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့က သီးခြားစီ တွေ့ဆုံကာ သံတမန်ရေးထွက်ပေါက်အတွက် ထည့်သွင်းဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ရွေးတုအစိုးရဘက်ကမူ ၎င်းတို့၏ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံရာတွင် သံတမန်ရေးနှင့် နှစ်နိုင်ငံ ဆက်ဆံရေး၌ ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်နိုင်ရန်၊ အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာအပြင် စီးပွားရေးကဏ္ဍများ၌ ပူးပေါင်းမှုတိုးမြှင့်ရန် ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထို့အပြင် ၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှတစ်ဆင့် တက်လာသည့် ရွေးတုအစိုးရ၏ လုပ်ဆောင် ချက်များနှင့် အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် အကောင်အထည် ဖော်နေမှုများအား အင်ဒိုနီးရှားဘက်က အသိမှတ်ပြုသယောင် ဝါဒဖြန့် ရေးသားထားသည်။
အလားတူ ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံမှုတွင်လည်း အင်ဒိုနီးရှားအနေဖြင့် မြန်မာနိုင်ငံ၏ စိန်ခေါ်မှုများကို နားလည်ပြီး ရွေးတုအစိုးရအပေါ် အပြည့်အဝယုံကြည်မှုရှိကာ လိုအပ်သည်များ ကူညီပေးသွားမည်ဟု ဆွေးနွေးခဲ့ကြောင်း ရွေးတုအစိုးရဘက်က အလွန်အကျွံ ပုံဖော်ထားသည်။
သို့သော် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ တရားဝင်သတင်းထုတ်ပြန်ချက်တွင်မူ မြန်မာ့အရေးနှင့် ပတ်သက်၍ အာဆီယံက ချမှတ်ထားသော ဘုံသဘောတူညီချက် ငါးရပ်ကိုသာ အပြည့်အဝ အကောင်အထည် ဖော်ရန်နှင့် သက်ဆိုင်သူအားလုံး ပါဝင်ဆွေးနွေးညှိနှိုင်းမှုများ ဖြစ်ပေါ်လာရေး အတွက်သာ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ကွဲလွဲစွာ ဖော်ပြထားသည်။
လက်ရှိအာဆီယံ၌ အဖွဲ့ဝင် ၁၁ နိုင်ငံရှိပြီး စစ်ခေါင်းဆောင် နောက်ဆုံးတက်ခွင့်ရခဲ့သော အာဆီယံထိပ်သီး အစည်းအဝေးတွင် မြန်မာ့အရေးဖြေရှင်းရန် ဘုံသဘောတူညီချက် ငါးရပ် ချမှတ်ခဲ့ခြင်းဖြစ်သော်လည်း ယနေ့အထိ တစ်စုံတစ်ရာ ထိရောက်စွာ ဖော်ဆောင်ခြင်း မရှိသေးပေ။
အင်ဒိုနီးရှားနိုင်ငံသည်လည်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူချိန်မှစ၍ လက်ရှိအချိန်အထိ စစ်အုပ်စုကို အာဆီယံဘုံ ငါးရပ် ဖော်ဆောင်ရန် ပြင်းပြင်းထန်ထန် တိုက်တွန်းဖိအားပေးနေသည့် နိုင်ငံ ဖြစ်ပြီး ယခုခရီးစဉ်သည် အာဏာသိမ်းကာလအတွင်း အင်ဒိုနီးရှားဝန်ကြီးတစ်ဦး၏ ပထမဆုံး လာရောက်ခြင်းဖြစ်သည်။
အဆိုပါ ဖိတ်ကြားမှုမှာ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သော (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးပွဲသို့ ရွေတုသမ္မအနေဖြင့် ကိုယ်တိုင် တက်ခွင့်မရခဲ့သဖြင့် အပယ်ခံဘဝမှ လွတ်မြောက် အောင် အသည်းအသန် ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်များက ထောက်ပြသည်။
လက်ရှိတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် ဖိလစ်ပိုင်နိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံ များနှင့် အိမ်နီးချင်းနိုင်ငံများကို နေပြည်တော်သို့ ဖိတ်ကြား၍ ပူးပေါင်းဆောင်ရွက်ရန် ရွေးတုအစိုးရက လိုက်လံစည်းရုံးနေကြောင်း သိရသည်။
အာဆီယံ၏ အလှည့်ကျစနစ်အရ လာမည့် ၂၀၂၇ ခုနှစ်တွင် စင်ကာပူ၊ ၂၀၂၈ ခုနှစ်တွင် ထိုင်းနှင့် ယင်းနောက် ၂၀၂၉ ခုနှစ်တွင် ရွေးတုအစိုးရကို တရားစွဲဆိုထားမှု လက်ခံထားသည့် တီမောလက်စ်တေ(Timor-Leste) နိုင်ငံတို့က ဥက္ကဋ္ဌတာဝန် ယူကြမည် ဖြစ်သည်။
ဓာတ်ပုံ – MOI