ဧရာဝတီတိုင်းမ်
ဇွန် ၉ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နောက်နှစ်ပတ်အတွင်း အီရန်အပေါ် အမေရိကန်အနေနဲ့ လုံးဝဥဿုံ အောင်ပွဲခံနိုင်ပြီလို့ ကြေညာသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ဧပြီလ အပစ်အခတ်ရပ်စဲရေး စတင်ကတည်းကအဆိုးရွားဆုံးဖြစ်ခဲ့တဲ့ အီရန်နဲ့ အစ္စရေးကြား အကြမ်းဖက်ပဋိပက္ခတွေကို ရပ်တန့်ဖို့ နှစ်ဦးနှစ်ဘက် သဘောတူညီပြီး နာရီပိုင်းအလိုမှာပဲ ၎င်းက ပြောလိုက်တာပါ။
တနင်္လာနေ့က သူ့ရဲ့ ရီပတ်ဘလစ်ကန် မဟာမိတ်တစ်ဦးဖြစ်တဲ့ အထက်လွှတ်တော်အမတ် လင် ဆေးဂရေဟမ်အတွက် လုပ်ပေးတဲ့ ဖုန်းကနေတစ်ဆင့် မဲဆွယ်စည်းရုံးပွဲမှာ ဒေါ်နယ်ထရမ့်က
“ကျွန်တော် တို့အဖွဲ့က တော်တော်လေး မာကျောပါတယ်။ အခုပွဲမှာ ကျွန်တော်တို့ နိုင်နေပြီလို့ ထင်တယ်၊ ဒါပေမဲ့ နောက်နှစ်ပတ်အတွင်း ကျွန်တော်တို့ လုံးဝဥဿုံအောင်ပွဲလို့ ကြေညာတဲ့အခါ ခင်ဗျားတို့ တကယ် အနိုင်ရ တာကို မြင်ရလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။
“ဒါဟာ ရာနှုန်းပြည့် အောင်ပွဲဖြစ်မှာပါ။ မကြာခင် ဖြစ်လာတော့မှာဖြစ်ပြီး ရေနံဈေးနှုန်းတွေ လည်း ထိုးကျသွားလိမ့်မယ်” လို့ သူက ကြုံးဝါးခဲ့ပါတယ်။
တနင်္လာနေ့ အစောပိုင်းမှာ အီရန်က အစ္စရေးအပေါ် တိုက်ခိုက်မှုတွေကို အဆုံးသတ်လိုက်ပြီလို့ ကြေညာခဲ့ပေမဲ့ အစ္စရေးအနေနဲ့ လက်ဘနွန်မှာသာ စစ်ရေးအရ ဆက်ပြီးတိုက်ခိုက်နေမယ်ဆိုရင် အီရန်က ချေမှုန်းရေးတုံ့ပြန်မှုတွေ လုပ်လာလိမ့်မယ်လို့ သတိပေးထားပါတယ်။
အီရန်စစ်တပ်ကတော့ အစ္စရေးနဲ့ သူ့ရဲ့မဟာမိတ်တွေအနေနဲ့ အီရန်ရဲ့ တုံ့ပြန်မှုကနေ သင်ခန်းစာ ရသင့်နေပြီလို့ ပြောဆိုထားပါတယ်။
ဒေါ်နယ်ထရမ့်ဟာ တနင်္လာနေ့အစောပိုင်းမှာတင် သူ့ရဲ့ Truth Social လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် အစ္စရေးနဲ့ အီရန်တို့အနေနဲ့ တိုက်ပွဲတွေကို ချက်ချင်း ရပ်တန့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
တနင်္လာနေ့ညနေပိုင်းမှာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟူးက ရုပ်သံမိန့်ခွန်းကနေ တစ်ဆင့် အီရန်နဲ့ တိုက်ခိုက်နေတာတွေဟာ လောလောဆယ် ရပ်တန့်သွားပြီဖြစ်ပေမဲ့ အစ္စရေးအနေနဲ့ နောက်ထပ် အတိုက်ခိုက်ခံရရင် လက်တုံ့ပြန်သွားမယ်လို့ ပြောပါတယ်။
ကိုးကား – TRT World
Ref; US will declare ‘total victory’ over Iran within 2 weeks —Trump