ဧရာဝတီတိုင်းမ်
ဇွန် ၉ ရက်

 

မတရားအကျဉ်းကျခံနေရသော လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် သက်ရှိထင်ရှားရှိမှုပြသရေးအတွက်ပြုလုပ်သော “Proof of Life” ကမ်ပိန်းကို အမှတ်တံဆိပ် အဖြစ်ဈေးရောင်းချခြင်း၊ အလှူငွေရှာဖွေခြင်းမပြုလုပ်ရန် All in one Piece Movement က ယနေ့ ဇွန် ၉ ရက်တွင် ထုတ်ပြန်သည်။

 

ထို့ပြင် အဆိုပါ Proof of life Campaign နှင့် Proof of life အသုံးအနှုန်းအပါအဝင် ကမ်းပိန်းဓာတ်ပုံများကိုလည်း မှန်မှန်ကန်ကန်အသုံးပြုကြရန် အနူးအညွတ်တောင်းပန်ကြောင်း All in one Piece Movement က ဆိုသည်။

Proof of life အသုံးအနှုန်းနှင့်ပတ်သက်ပြီး ပစ္စည်းများထုတ်လုပ်ရောင်းချခြင်း၊ အလှူငွေရှာဖွေခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံထားပြီး ငွေကြေးတစ်စုံတရာနှင့်ပတ်သက်ခြင်းမရှိဘဲ အသုံးပြုလိုပါက အသုံးပြုခွင့်ရှိကြောင်း သိရသည်။

 

ယခုအချိန်တွင် proof of life ကမ်ပိန်းနှင့်ပတ်သက်၍ မည့်သည့်ပစ္စည်းမျှရောင်းချခြင်း၊ အလှူငွေ ရှာဖွေခြင်းတို့လုပ်ဆောင်ထားမှုမရှိသလို Proof of life အသုံးအနှုန်းသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေ ဆဲဖြစ်ကြောင်း ခိုင်မာသောသက်သေအထောက်အထား ရရှိနိုင်ရေးအတွက် တောင်းဆိုခြင်းဖြစ်ကြောင်း All in one Piece Movement ၏ ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

လာမည့် ဇွန် ၁၉ ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်မြောက် မွေးနေ့ “81 for 81” ကမ်းပိန်းအတွက် သားဖြစ်သူ ကိုထိန်လင်းက ၈၁ ကီလိုမီတာ စကိတ်ဘုတ် စီးမည်ဖြစ်ကြောင်း SBS မြန်မာထံမှ သိရသည်။

 

လက်ရှိတွင် ဩစတြေးနိုင်ငံရှိ ဒေါ်တာမြင့်မိုရ်ဦးက အချိန် ၁၀ နာရီခွဲကြာ တစ်ရက်တည်းဖြင့် ၈၁ ကီလိုမီတာပြေးခြင်း၊ ဆရာမ မသီတာ(စမ်းချောင်း) က လမ်းလျှောက်ခြင်းနှင့် ပြည်တွင်းရှိ တော်လှန်ရေး အဖွဲ့အစည်းများက Proof of life စာသားဖြင့်ဆန္ဒပြတောင်းဆိုမှုများပြုလုပ်လျက်ရှိသည်။

 

လာမည့် ဇွန် ၁၉ ရက်နေ့တွင်ကျရောက်မည့် လူထုခေါင်းဆောင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်မွေးနေ့အတွက် နိုင်ငံအသီးသီးတွင်လည်း အထိမ်းအမှတ်ပွဲ၊ ဈေးရောင်းပွဲများ ကျင်းပရန်ပြင်ဆင်လျက်ရှိသည်။

ဓာတ်ပုံ – လူမှုကွန်ရက်