ဧရာဝတီတိုင်းမ်
‎ဇွန် ၉ ရက်

 

မြန်မာနိုင်ငံမှ မိုင်ပေါင်းထောင်ချီ ကွာဝေးသော်လည်း စစ်အုပ်စုထံ စစ်လက်နက်များ ရောင်းချပေး နေသည့် ဘယ်လာရုစ်နိုင်ငံက လိုအပ်နေသော အာရေဗီကာကော်ဖီနှင့် ဝါဂွမ်းများ တင်ပို့နိုင်ရေးအတွက် ရွေးတုအစိုးရ တာဝန်ရှိသူဆိုသူများ သွားရောက်တွေ့ဆုံကာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

နိုင်ငံတကာမျက်နှာစာတွင် အထီးကျန်နေသည့် ရွေးတုအစိုးရလက်အောက်ခံ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းတို့အဖွဲ့သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဟု အကြောင်းပြကာ ဘယ်လာရုစ်နိုင်ငံသို့ ငါးရက်ကြာ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း ရွေးတုအစိုးရ၏ ဝါဒဖြန့်ထုတ်ပြန်ချက်များအရ သိရသည်။

ခရီးစဉ်အတွင်း ဘယ်လာရုစ်နိုင်ငံက လိုအပ်သော ကော်ဖီနှင့် ဝါဂွမ်းများ တင်ပို့နိုင်ရေးအပြင် ယင်းနိုင်ငံမှ ဆီကြိတ်ခွဲထုတ်လုပ်ခြင်း၊ လယ်ယာသုံး စက်ကိရိယာများနှင့် ဝါမှချည်ထုတ်လုပ်သည့် လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

 

ဒေါက်တာရဲတင့်ထွန်းတို့အဖွဲ့သည် ဘယ်လာရုစ်နိုင်ငံရှိ အာလူးကြော်စက်ရုံ၊ အချိုရည်ပုလင်းစက်ရုံ၊ ချည်ထည်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်ရေးနှင့် သကြားစက်ရုံများကိုလည်း လေ့လာရေးအမည်တပ်၍ သွားရောက်ခဲ့ကြသည်။

 

လက်ရှိ မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ပျိုးသည့် ဧရိယာ ၂၇,၉၂၀ ဟက်တာ (၆၈,၉၉၄ ဧက) ခန့် ရှိပြီး ထုတ်လုပ် မှုဧရိယာမှာ ၁၃,၉၈၇ ဟက်တာ (၃၄,၅၆၃ ဧက) ခန့်ရှိကာ နှစ်စဉ် ထုတ်လုပ်မှု တန်ချိန်၁၀,၀၀၀ ခန့်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ အချက်အလက်များတွင် ဖော်ပြထားသည်။

သို့သော် စစ်ခေါင်းဆောင် ရွေးတုသမ္မတ မင်းအောင်လှိုင်၏သားဖြစ်သူ အောင်ပြည့်စုံက စိုက်ပျိုးရေး ဦးစီးဌာနလက်အောက်ရှိ အဆင့်မြင့်ကော်ဖီစိုက်ခင်းများကို ၎င်းပိုင်အဖြစ် မတရားသိမ်းယူထားပြီး ကော်ဖီဥယျာဉ်အဖြစ် အမည်ပြောင်း ဖွင့်လှစ်ကာ ကိုယ်ကျိုးရှာ စီးပွားရှာနေခြင်းဖြစ်သည်။

 

‎စစ်ခေါင်းဆောင်သည် ၎င်းကိုယ်တိုင်လည်း ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မတ်လနှင့် ဇွန်လတို့တွင် ဘယ်လာရုစ်နိုင်ငံသို့ နှစ်နိုင်ငံ ကုန်သွယ်ရေးအမည်ခံကာ ၎င်းတို့အာဏာတည်မြဲရေးအတွက် အကြိမ် ကြိမ် သွားရောက်ခဲ့သည်။

 

ဘယ်လာရုစ်နိုင်ငံသည် မြန်မာအာဏာသိမ်းစစ်တပ်ထံ လေကြောင်းကာကွယ်ရေးစနစ်နှင့် စစ်လက်နက် ပစ္စည်းများ အဓိကရောင်းချပေးထားပြီး စစ်အုပ်စု၏ စစ်လက်နက်ထုတ်လုပ်ရေး နယ်ပယ်ရှိ စစ်ဘက်ဝန်ထမ်းများကိုလည်း ရုရှားနှင့်ပူးပေါင်းကာ လေ့ကျင့်သင်ကြားပေးနေသည့် နိုင်ငံဖြစ်ကြောင်း Justice For Myanmar (JFM) အဖွဲ့က ဖော်ထုတ်ထားသည်။

 

ဓာတ်ပုံ – စိုက်ပျိုးရေးဦးစီးဌာန၊ MOI