ဧရာဝတီတိုင်းမ်
ဇွန် ၁၀ ရက်
တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ဟာ နှစ်နိုင်ငံကြား ချစ် ကြည်ရေး ခိုင်မာမှုကို ပြသတဲ့အနေနဲ့ ဆက်ဆံရေးကို ပိုမိုမြှင့်တင်သွားဖို့ သဘောတူခဲ့ပါတယ်။
၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တနင်္လာနေ့မှာ
ရောက်ရှိလာတဲ့ ရှီကျင့်ဖျင်ကို ကင်ဂျုံအန်က လေဆိပ်မှာ စည်ကားသိုက်မြိုက်စွာ ကြိုဆိုခဲ့ပြီးနောက် ခေါင်းဆောင်နှစ်ဦးဟာ ချက်ချင်းပဲ ထိပ်သီးဆွေးနွေးပွဲကို စတင်ခဲ့ကြတာပါ။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ရှီကျင့်ဖျင်က နှစ်နိုင်ငံကြား မဟာဗျူဟာ မြောက် ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုခိုင်မာအောင်လုပ်ပြီး တစ်နိုင်ငံချင်းစီရဲ့ အချုပ်အခြာအာဏာ၊ လုံ ခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားတွေကို ပြတ်ပြတ်သားသား ကာကွယ်ရမယ်လို့ ကင်ဂျုံအန်ကို ပြောခဲ့ပါတယ်။
ဒါ့အပြင် သံတမန်ရေးနဲ့ စစ်ရေးအရ အပြန်အလှန် ကူးလူးဆက်ဆံမှုတွေကိုပါ တိုးမြှင့်ဖို့ ၎င်းက တိုက်တွန်းခဲ့ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး တိုးတက်ကောင်းမွန် အောင် လုပ်ဆောင်တာဟာ သူတို့နိုင်ငံရဲ့ အရေးအကြီးဆုံး မဟာဗျူဟာမြောက် ဦးစားပေးလုပ်ငန်းစဉ် ကြီး ဖြစ်တယ်လို့ ပြောပါတယ်။
ထိပ်သီးဆွေးနွေးပွဲအပြီး ကျင်းပတဲ့ ညစာစားပွဲမှာ ရှီကျင့်ဖျင်က နှစ်နိုင်ငံကြား အဆင့်မြင့်ခေါင်း ဆောင်တွေ အပြန်အလှန် ခရီးစဉ်တွေသွားဖို့နဲ့ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကတစ်ဆင့် ဆက်ဆံရေး တိုးမြှင့်သွားမယ်ဆိုတဲ့အချက်ကို ကင်ဂျုံအန်နဲ့ သဘောတူညီခဲ့တယ်လို့ ပြောပါတယ်။
ကင်ဂျုံအန်ကလည်း ၎င်းတို့နှစ်ဦးဟာ နှစ်နိုင်ငံလုံး စိတ်ဝင်စားတဲ့ နိုင်ငံတကာနဲ့ ဒေသတွင်း အ ခြေအနေတွေကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ရှီကျင့်ဖျင်ရဲ့ ယခုခရီးစဉ်ဟာ မြောက်ကိုရီးယားက နျူကလီးယားအစီအစဉ်ကို တစိုက်မတ်မတ် ဇွတ်လုပ်နေတဲ့အချိန်မှာ ပေါ်ပေါက်လာတာမို့ လေ့လာသူတွေကတော့ ခေါင်းဆောင်နှစ်ဦးဟာ ကိုရီးယား ကျွန်းဆွယ်အရေးနဲ့ အမေရိကန်နဲ့ ဆက်ဆံရေးအကြောင်းတွေကို ထည့်သွင်းဆွေးနွေးလိမ့်မယ်လို့ မျှော် လင့်ထားခဲ့ကြတာပါ။
ထူးခြားတာက တနင်္လာနေ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တရားဝင်ထုတ်ပြန်ချက်မှာတော့ မြောက်ကိုရီးယား နျူကလီးယားဖျက်သိမ်းရေး ကိစ္စကိုရော အမေရိကန်နိုင်ငံ အကြောင်းကိုပါ လုံးဝ ထည့် သွင်းဖော်ပြမသွားခဲ့ပါဘူး။
ကိုးကား – NHK
Ref; Xi, Kim stress unity but make no nuclear announcement