ဧရာဝတီတိုင်းမ်
(တောင်ငူ)၊ ဇွန် ၁၀ ရက်
ရွေးတုသမ္မတ ဦးမင်းအောင်လှိုင် ပဲခူးတိုင်း၊ တောင်ငူမြို့သို့ လာရောက်ပြီးနောက် တောင်ငူမြို့၊ ကန်လမ်းပေါ်ရှိ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း ပုံတူရုပ်ထုကို စစ်အုပ်စုက မီးအမှောင်ချကာ ညတွင်းချင်း အဓမ္မဖြိုချဖျက်ဆီးပြီး သယ်ဆောင်သွားကြောင်း မြို့ခံများထံမှ သိရသည်။
အဆိုပါ ဖြိုချဖျက်ဆီးခံလိုက်ရသည့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထုသည် NLD အရပ်သား အစိုးရလက်ထက်တွင် (၁၀၁) နှစ်ပြည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အဖြစ် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက် မှ ၁၃ ရက်နေ့အထိ ကျင်းပခဲ့ပြီး တောင်ငူမြို့၊ (၁၇) ရပ်ကွက်၊ ကန်လမ်းအတက်ရှိ ဗိုလ်ချုပ်ရင်ပြင်တွင် တောင်ငူမြို့ခံများက အခမ်းအနားဖြင့် စိုက်ထူဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
သို့သော် အာဏာသိမ်း ရွေးတုအစိုးရသည် ယနေ့ ဇွန်လ ၁၀ ရက် နံနက် ၁ နာရီဝန်းကျင်တွင် မြို့ပေါ်၌ မီးများဖြတ်တောက်ကာ အင်အားသုံး၍ ညတွင်းချင်း ဖြိုချပစ်ခဲ့ခြင်း ဖြစ်သည်။

“ဟုတ်ပါတယ်၊ လူသွားလူလာမရှိအောင် လမ်းတွေကို အကုန်ပိတ်ပြီး ညတွင်းချင်း အပြီးဖြိုရတာပါ။ ဘာကြောင့် ဖြိုခိုင်းတာလဲဆိုတာတော့ တိတိကျကျ မသိရပါဘူး။ စက်ယန္တရားကြီးတွေ သုံးပြီး ဖြိုချလိုက်ရတာပါ” ဟု တောင်ငူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမည်မဖော်လိုသူတစ်ဦးက ဧရာဝတီတိုင်းမ် သတင်းဌာနကို အတည်ပြု ပြောကြားသည်။
ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့က ၎င်းခန့်အပ်ထားသည့် ကာကွယ်ရေး ဦးစီးချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး အပါအဝင် ရွေးတုအစိုးရ ထိပ်ပိုင်းခေါင်းဆောင် များဖြင့် တောင်ငူမြို့ရှိ ရှေးဟောင်းနန်းတော်ရာ၊ မြို့ရိုးများနှင့် ကျုံးများ ပြန်လည်တူးဖော် ဆောင်ရွက် နေမှု အခြေအနေများကို လာရောက်ကြည့်ရှုခဲ့ပြီးနောက် လေးရက်အကြာတွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုကို ယခုကဲ့သို့ ဖြိုချဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် ရာထူးဖြင့် အာဏာလု ယူပြီးနောက်ပိုင်း ကြုံတွေ့နေရသည့် စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းများ ပြေလည်စေရန်အတွက် ရှေးတောင်ငူမင်းများ၏ အောင်မြေတည်ရှိရာ ကောင်းမှုတော်စေတီတော်တွင် အောင်မြေနင်းခြင်း၊ ယတြာခြေခြင်းများ ပြုလုပ်ခဲ့သည်။

ထို့နောက် တောင်ငူမြို့ကို အထူးစိတ်ဝင်စားကာ ကေတုမတီ (တောင်ငူ) ရှေးဟောင်းနန်းတော်ရာ၊ မြို့ရိုးနှင့် ကျုံးများကို ပြန်လည်တူးဖော်ရန် အမိန့်ပေး ညွှန်ကြားခဲ့သည်။
အာဏာသိမ်းစစ်ခေါင်းဆောင်သည် ၂၀၂၄ ခုနှစ် ဩဂုတ် ၂၄ ရက်နေ့က တစ်ကြိမ်၊ ယခု ဇွန် ၆ ရက်နေ့က တစ်ကြိမ် တောင်ငူမြို့သို့ လာရောက်ခဲ့ပြီး ၎င်း၏ လုံခြုံရေးအတွက် စိုးရိမ်သဖြင့် လမ်းတလျှောက်အထူးကန့်သတ်ကာ ရထားခရီးစဉ်ဖြင့်သာ လာရောက်ခဲ့ကြောင်း သိရသည်။
“တောင်ငူမှာ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု မနေ့ညကစပြီး မရှိတော့ပါဘူး။ ဗိုလ်ချုပ်ရုပ်ထုကို နှစ် ၁၀၀ ပြည့်မွေးနေ့မှာ စတင်စိုက်ထူ ဖွင့်လှစ်ခဲ့တာပါ။ မနေ့ညက တောင်ငူမြို့ပေါ်မှာ မီးတွေအကုန်ဖျက်ပြီး ဘယ်ကိုသယ်ယူသွားမှန်းမသိအောင် အစဖျောက် ဖျက်ဆီးလိုက်ကြတာ” ဟု တောင်ငူ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ရင်ဖွင့်စကား ဆိုသည်။
ဓာတ်ပုံ – CJ