(ကန်ပက်လက်)၊ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၀ ရက်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို စစ်ကော်မရှင်တပ်က ဒီဇင်ဘာလ ၉ ရက်နေ့၊ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ဂျက်ဖိုက်တာဖြင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ထပ်မံ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကန်ပက်လက်မြို့ တစ်နေရာကို စစ်ကော်မရှင်၏ တံတားဦး လေတပ်စခန်းမှတက်လာသည့် ဂျက်ဖိုက်တာ သုံးစီးဖြင့် ခြောက်ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“မြို့ပတ်လမ်းဘက်မှာ ဗုံးကြဲသွားတာဖြစ်ပါတယ်။ အဲဘက်မှာ လူတွေမရှိပေမယ့် နေအိမ်တွေ ရှိပါတယ်။ ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ်ကိုတော့ သွားမကြည့်ရသေးတဲ့အတွက် မသိရသေးဘူ”ဟု ကန်ပက်လက်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကန်ပက်လက်မြို့တွင် ဒီဇင်ဘာလ ၆ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်မှ ကင်းထောက်လေယာဥ်ဖြင့် တစ်နေကုန်နီးပါး စောင့်ကြည့်မှုပြုလုပ်သွားကြောင်း ပြည်သူများအနေဖြင့် လေကြောင်းရန်အန္တရာယ် ပိုသတိထားရန် လိုအပ်လာကြောင်း ဆိုသည်။

“ကင်းထောက်လေယာဥ်က ရက်ခြားလာတယ်။ ၆ ရက်နေ့ကလည်း တနေကုန် ကင်းထောက် လေယာဥ်လာတယ်။ အဲနေ့က လေကြောင်း မတိုက်ခိုက်ပဲ နောက်နေ့မှ ဗုံးကြဲသွားတယ်။ ပြည်သူတွေ လေကြောင်းရန် ပိုသတိထားစရာဖြစ်လာတယ်။ လူစုလူဝေးတွေ လျှော့ဖို့လိုမယ်။ ကတုတ်ကျင်းတွေလည်း တူးထားပြီး လေယာဥ်သံကိုလည်းနားစွင့်စေချင်တယ်”ဟု ကန်ပက်လက်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကန်ပက်လက်မြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်ကလည်း ဝင်းဟိုတယ် နှင့် မြို့အစွန့်ဘက်တွင် စစ်ကော်မရှင်တပ်မှ လေကြောင်း တိုက်ခိုက်ခဲ့သည့်အပြင် ပွိုင့်ဖိုက်များနှင့်ပါ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။