ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ဒီဇင်ဘာ ၁၀ ရက်

 

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဖလမ်း – သိုင်းငင်း ကားလမ်းပေါ်ရှိ ဘွာလ်ခွားကျေးရွာမှ အမျိုးသမီး အပါအဝင် ဒေသခံ ၁၂ ဦးကို စစ်ကော်မရှင်တပ်မှ လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားကြောင်း မိသားစုဝင်များထံမှ သိရသည်။

 

အင်အား ၃၀၀ ကျော် ဝန်းကျင်ဖြင့် သိုင်းငင်း – ဖလမ်း ကားလမ်းအတိုင်း စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်သည် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဘွာလ်ခွားကျေးရွာကို ဝင်ရောက်စီးနင်းပြီးနောက် ဒေသခံများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“စစ်ကော်မရှင် စစ်ကြောင်း ဝင်လာတဲ့ချိန်မှာ သူတို့တွေက အချိန်မီ ထွက်မပြေးနိုင်လို့ လမ်းပြအဖြစ် ဓားစားခံ ဖမ်းဆီးခံရတာဖြစ်ပါတယ်။ စုစုပေါင်း ၁၂ ယောက်ပါတယ်။ အဲဒီထဲမှာ အမျိုးသမီး နှစ်ယောက် လည်း ပါဝင်ပါတယ်” ဟု ဖမ်းဆီးခံရသည့် မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ဘွာလ်ခွားကျေးရွာကို ဝင်ရောက်လာသည့် စစ်ကော်မရှင်တပ် စစ်ကြောင်းသည် ရွာထဲရှိ အိမ်မွေး တိရစ္ဆာန်များကို သတ်ဖြတ် စားသောက်ကြသလို နေအိမ်ရှိ စားနပ်ရိက္ခာများကိုလည်း ခိုးယူ စားသောက် နေကြကြောင်း သိရှိရသည်။

 

ထို့အပြင် ဝေဘူလမြို့မှ တက်လာသော စစ်ကော်မရှင် စစ်ကြောင်းကလည်း ဖလမ်းမြို့နှင့် မိုင် ၁၀ ခန့်အကွာသို့ ရောက်ရှိနေပြီဖြစ်သလို ၎င်းတို့ချီတက်ရာ လမ်းတလျှောက်ကိုလည်း လေကြောင်းဖြင့် ရှင်းလင်းပေးနေကြောင်း သိရသည်။

“ဝေဘူလက တက်လာတဲ့ စစ်ကြောင်းက ဖလမ်းနဲ့အတော်နီးပြီ။ ကျတော်တို့လည်း တောက်လျှောက် တိုက်ပွဲဖြစ်တယ်။ သူတို့ဆီက လက်နက်ခဲယမ်းတွေ၊ အလောင်းတွေရတာလည်းရှိတယ်။ မနေ့ကဆို ဖလမ်းမြို့ရပ်ကွက်အပါအဝင် ရွာတွေမှာ တစ်နေကုန် ဗုံးကြဲတယ်။ ဒါက သူတို့ ဖလမ်းဝင်ဖို့ လမ်းရှင်းပေးတဲ့သဘောပါ”ဟု ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က ဧရာတီတိုင်းမ်ကို ပြောသည်။

 

အဆိုပါ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးမှု ရှိသော်လည်း အရပ်သား ထိခိုက်သေဆုံးမှုအခြေအနေကိုမူ သိရှိရခြင်းမရှိသေးကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

 

စစ်ကော်မရှင်က ဖလမ်းမြို့ကို ပြန်လည်ရရှိရေးအတွက် ကလေးမြို့နယ်မှ ဝေဘူလမြို့သို့ စစ်ကြောင်း ထိုးပြီး ဝေဘူလမှတစ်ဆင့် ဖလမ်းမြို့ကို စစ်ကြောင်းထိုးနေသလို တီးတိန်မြို့မှ သိုင်းငင်း-ဖလမ်း ကားလမ်းဘက်မှလည်း စစ်ကြောင်းများထိုးလျက်ရှိသည်။

ဓာတ်ပုံ-CJ (ပေးပို့)
ပုံစာ – ဖလမ်းမြို့နယ်တွင် ယမန်နေ့ ဒီဇင်ဘာ ၇ ရက်နေ့ စစ်ကော်မရှင် လေကြောင်း တိုက်ခိုက်မှု ကြောင့် ပျက်စီးသွားသည့် နေအိမ်များကို တွေ့ရစဥ်(ပေးပို့)