ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၀ ရက်
တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် မတ္တရာကို စစ်ကော်မရှင်က ပြန်လည်သိမ်းယူပြီးနောက် စစ်ကော်မရှင်က စဉ့်ကူးမြို့နယ်အတွင်းကိုပါ စစ်အင် အားရာချီသုံး၍ ထိုးဖောက်ဝင်ရောက်နေပြီဖြစ်ကြောင်း သိရသည်။
စစ်ကော်မရှင်က စဉ့်ကူးဘက်ကို ထိုးစစ်ဆင်နေသည့်စစ်ကြောင်းများကို အားဖြည့်ရန်အတွက် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ တပ်ရင်း၊တပ်ဖွဲ့များကိုပါ မတ္တရာမြို့အတွင်း ပို့ဆောင်နေကြောင်း သိရသည်။
“၅ ရက်နေ့ကစပြီး တပ်တွေလွှတ်တာ။ မန္တလေးကနေ မတ္တရာကိုလွှတ်တာ။ အဲဒီကနေတစ်ဆင့် စဉ့်ကူးကို စစ်ကြောင်းထိုးမယ့်တပ်တွေနဲ့ ပေါင်းလွှတ်မယ်လို့ကြားတယ်။ အခုစစ်တပ်က စဉ့်ကူးထဲကို စစ်ကြောင်းနှစ်ကြောင်းဖြန့်ပြီး ဝင်လာနေတယ်”ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းခုတ်မြို့နယ်မှ ခမရ ၅၇၉ တပ်များနှင့် မိုင်းဖြတ်မြို့နယ်မှ စစ်အင်အား စုစုပေါင်း ၂၀၀ ခန့်ကို မတ္တရာမြို့နယ်မှတစ်ဆင့် အင်အားဖြည့်ရန် စစ်သုံးကားကြီး ခြောက်စီးဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ကူများတွင် စစ်မှုထမ်းဥပဒေဖြင့် ခေါ်ဆောင်လာသည့် တပ်သားသစ်များ အများစုပါဝင်နေကာ လွိုင်လင်၊ မိုင်းပွန်နှင့် တောင်ကြီးလမ်းတစ်လျှောက် မန္တလေးကို လာရာလမ်းတွင် တပ်သားသစ်အများအပြား ထွက်ပြေးကြကြောင်း သိရသည်။
မတ္တရာမြို့နယ်တစ်ခုလုံးကို စစ်ကော်မရှင်က ထိန်းချုပ်ပြီးနောက်ပိုင်း စဉ့်ကူးမြို့နယ်အထိ အင်အားရာချီသုံးကာ ထိုးဖောက်ဝင်ရောက်လာပြီးနောက် လေကြောင်းပစ်ကူ လက်နက်ကြီးပစ်ကူနှင့် ဒရုန်းများအလွန်အကျွံသုံးကာ တော်လှန်ရေးတပ်ဖွဲ့များကို ထိုးစစ်ဆင်နေကြောင်း သိရသည်။
စဉ့်ကူးမြို့နယ်အတွင်း စစ်ကော်မရှင်စစ်ကြောင်းများနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်က စဉ့်ကူးမြို့နယ်အတွင်းရှိ ရွှေပြည်ရွာကို စစ်ကော်မရှင်တပ်များ ရောက်ရှိလာပြီဖြစ် ကြောင်း သိရသည်။