ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၀ ရက်
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အခြေစိုက် တောင်ငူလေတပ်ဌာနချုပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ ဒီဇင်ဘာ ၉ ရက်နေ့၊ ည ၁၀ နာရီဝန်းကျင်က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Worriors for Myanmar အဖွဲ့ထံက သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များနှင့် အရပ်သားများအပေါ် တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ ပါရာမော်တာများ၊ ဂျိုင်ယိုကော်ပတာများ အသုံးပြုကာ လေကြာင်းတိုက်ခိုက်မှုများကို အဓိကပြုလုပ်နေသည့် လေတပ်ဌာနချုပ်ဖြစ်သည့် တောင်ငူလေတပ်ရှိ ဆီလှောင်ကန်များကို ပစ်မှတ်ထားကာ ၁၀၇မမ ရှော့တိုက်ဒုံး ခြောက်လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“စစ်ကောင်စီက တောင်ငူနဲ့ရေတာရှည်တဝိုက်က ကျေးရွာတွေမှာ စစ်ကြောင်းတွေထိုး ရွာသားတွေကိုဓားစာခံဖမ်းထားပြီးပြီး နေရာပေါင်းစုံအထပ်ထပ်ပိတ်ဆို့နေတယ်။ အဲ့ကြားထဲကဝင်ပစ်ရတာမို့အတော်စွန့်စားရပြီးခက်လည်းခက်ခဲပါတယ်” ဟု BWM တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရှော့တိုက်ဒုံးများ ပစ်ခတ်ပြီးနောက် လေတပ်တွင်း ထိခိုက်မှုများကို သိရခြင်းမရှိသေးသော်လည်း ရှော့တိုက်ဒုံးပေါက်ကွဲသံများအပြင် ထပ်ဆင့်ပေါက်ကွဲသံများကိုလည်း နာရီဝက်ဝန်းကျင်ကြားခဲ့ရကြောင်း သိရသည်။
ထို့ပြင် ပစ်ခတ်တိုက်ခိုက်မှုအပြီး တောင်ငူလေတပ်ဝန်းကျင်ရှိ စစ်ကော်မရှင်တပ်ရင်းများမှ ည နှစ်နာရီကျော်သည်အထိ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်မှလည်း လုံခြုံစွာဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါပစ်ခတ်မှုကို Brave Warriors for Myanmar၊ Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF)၊ သံတောင်မြောက်ပိုင်း အထူးဒေသ ဖိုက်တာဆားခဲအဖွဲ့၊ KNLA တပ်မဟာ-၂၊ တပ်ရင်း ၅ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – ပုံဟောင်းအသုံးပြုထားသည်။