ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၀ ရက်

စစ်ကော်မရှင်ကအရပ်ပြည်သူများကိုအကြမ်းဖက်တိုက်ခိုက်မှုများဆက်ရှိနေချိန် မတရားဖမ်းဆီးထားသူများကို မလွှတ်ပေးဘဲ စစ်တပ်ကျင်းပမည့်ရွေးကောက်ပွဲကလွတ်လပ်ပြီးတရားမျှတမှုရှိသည့် ရွေးကောက်ပွဲမဖြစ် နိုင်ကြောင်း ယနေ့ ( ဒီဇင်ဘာ ၁၀ ရက်) တွင် ဗြိတိသျှနှင့် ဩစတြေးလျသံရုံးတို့က သတင်းထုတ်ပြန်သည်။

လက်ရှိမြန်မာနိုင်ငံအခြေအနေသည်လွတ်လပ်၍တရားမျှတပြီး လူတိုင်းအကျုံးဝင်သည့်ရွေးကောက်ပွဲကျင်းပရန်အတွက်လိုအပ်သည့်အရာများဖြင့်ပြည့်စုံခြင်းမရှိကြောင်း၊ ပြည်သူများ၏ဆန္ဒအတိုင်း ဒီမိုကရေစီအရပ်သားအစိုးရထံ ငြိမ်းချမ်းစွာအာဏာလွှဲပြောင်းရန်ဆက်တက်တိုက်တွန်းကြောင်း ဩစတြေးလျသံရုံးထုတ်ပြန်ချက်တွင်ပါဝင်သည်။

မြန်မာနိုင်ငံသားများအတွက် ယူကေအစိုးရ၏အားပေးထောက်ခံမှုကိုထပ်လောင်းအတည်ပြုရင်း အရပ်သားပြည်သူများအားကာကွယ်မှုကိုဦးစားပေးဆောင်ရွက်ရန်ဆက်လက်တောင်းဆိုကြောင်း ယူကေသံရုံးက ထုတ်ပြန်သည်။

“စစ်တပ်အာဏာသိမ်းမှု ငါးနှစ်နီးပါးကြာခဲ့ပါပြီ။ ကုသလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၂၆၆၉နဲ့အညီ ဒေါ်အာင်ဆန်းကြည်နဲ့ဦးဝင်းမြင့်အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများအားကိုချက်ချင်းလွှတ်ပေးရန်တောင်းဆိုပါတယ်။ အရပ်သားပြည်သူများအပေါ်လေကြောင်းတိုက်ခိုက်မှုများအဆုံးသတ်ရန်၊ ပြည်သူများကာကွယ်ပေးရန်နဲ့ အာဆီယံဘုံသဘောတူညီချက် ငါးချက်ဖော်ဆောင်ရန်တောင်းဆိုတယ် ” ဟု ယူကေနိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးပြောရေးဆိုခွင့်ရှိသူဆိုပါတယ်။

ထိုပြင်တည်ငြိမ်သောအခြေအနေမရှိဘဲ ရွေးကောက်ပွဲကျင်းပမှုကြောင့် ပိုမိုကြီးမားသည့်မတည်ငြိမ်မှုကိုဖြစ်စေပြီး မြန်မာပြည်သူများအပေါ်ဆိုးရွားသည့်အကျိုးဆက်မျာဖြစ်စေကြောင်းပါဝင်သည်။

” အခုလိုအခြေအနေတွေကြားမှာကျင်းပတဲ့ရွေးကောက်ပွဲဟာ ပိုမိုဆိုးရွားတဲ့တင်းမာမှုနဲ့ အကြမ်းဖက်မှုတွေကိုဖြစ်စေနိုင်ရုံမက စစ်မှန်တဲ့ဖြေရှင်းနည်းတွေနဲ့ ပိုမိုဝေးကွာသွားမှာကိုစိုးရိမ်တယ်လို့ ” ဟု ဩစတြေးလျသံရုံးထုတ်ပြန်ရာတွင်ပါဝင်သည်။

ထို့ပြင်အကြမ်းခံရမှုအပါအဝင် အခက်အခဲများစွာကိုရင်ဆိုင်နေရချိန်တွင် ကြံ့ကြံ့ခံနိုင်စွမ်းနှင့် ရဲရင့်မှုအတွက် မြန်မာပြည်သူများနှင့်အတူရပ်တည်ကြောင်းဗြိတိသျှနှင့် ဩစတြေးလျသံရုံးတို့က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ – တော်လှန်ရေးအင်အားစု