နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂ ရက်

 

စစ်ကော်မရှင်က ဒဏ်ခတ်ပိတ်ဆို့ခံထားရသော ၎င်းတို့လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC)အဖွဲ့ဝင်များဖြင့် ရွေးကောက်ပွဲ ပြုလုပ်ရန် စီစဉ်နေသောကြောင့် ပြည်သူလူထုနှင့်အတူ ရပ်တည်ပေးရန် နိုင်ငံတကာ အစိုးရများကို Justice For Myanmar (JFM)မှ တိုက်တွန်းသည်။

 

စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှစတင်ကာ ယင်း UEC အဖွဲ့ဝင်များကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းတို့အား အတုအယောင် ရွေးကောက်ပွဲတစ်ရပ် ပုံဖော်ရေး တာဝန်ပေးထားသဖြင့် ဆန့်ကျင်ကြရန် JFM က ယမန်နေ့ ဒီဇင်ဘာ ၁ ရက်နေ့တွင် ထုတ်ပြန်‌ပြောဆိုသည်။

 

ထို UEC အဖွဲ့ဝင်များကို မဲမသမာမှု အထောက်အထား တစ်စုံတရာမရှိဘဲ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်များအား တရားမဝင် ပယ်ဖျက်ရာ၌ ပါဝင်မှု၊ ဒီမိုကရေစီနှင့် တရားဥပဒေ စိုးမိုးရေးကို ပျက်ပြားစေမှုတို့အတွက် အီးယူနှင့် ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့ထားကြောင်း သိရသည်။

အဆိုပါ အတုအယောင် ရွေးကောက်ပွဲသည် အာဏာသိမ်း စစ်ကော်မရှင်ကို မှားယွင်းသော နိုင်ငံရေးတရားဝင်မှု ပေးအပ်နိုင်ရန်အတွက် စီစဉ်ထားခြင်းဖြစ်သလို ဒဏ်ခတ်ပိတ်ဆို့ခံထားရသော UEC အဖွဲ့ဝင်များမှာလည်း ဥက္ကဋ္ဌ ဦးသန်းစိုးအပါအဝင် ကိုးဦးဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင် စစ်ကော်မရှင်က UEC ကို အဖွဲ့ဝင် ၁၄ ဦးဖြင့် ဖွဲ့စည်းထားပြီး ဥက္ကဋ္ဌ ဦးသန်းစိုးနှင့် အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ ဦးအောင်မိုးမြင့်၊ ဦးအောင်စောဝင်း၊ ဦးခင်မောင်ဦး၊ ဦးကိုကိုလွင်၊ ဦးမြင့်ဦး၊ ဦးမြင့်သိန်း၊ ဦးသန်းအောင်ကျော်တို့ ကိုးဦးကို ဒဏ်ခတ်ပိတ်ဆို့ထားခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့အတူ စစ်ကော်မရှင်၏ UEC အဖွဲ့ဝင်ဟောင်း ရှစ်ဦးကိုလည်း တရားမဝင် အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်း UEC တွင် ပါဝင်ခြင်း၊ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်များအား ပယ်ဖျက်ခြင်းတို့အတွက် အီးယူနှင့် ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့ထားကြောင်း သိရသည်။

 

ယင်း UEC အဖွဲ့ဝင်ဟောင်း ဒဏ်ခတ်ပိတ်ဆို့ခံရသူ ရှစ်ဦးမှာ ဦးဘမောင်၊ ဦးဘရန်ရှောင်၊ ဦးမင်းမင်းဦး၊ ဒေါ်နုမြဇန်၊ ဦးစောဘလှိုင်၊ ဦးစိုးဦး၊ ဦးသန်းထွန်းနှင့် ဦးသန်းဝင်း တို့ဖြစ်ပြီး ၎င်းတို့အားလုံးသည် စစ်ကော်မရှင်အသုံးချခံ လက်ကိုင်တုတ်အဖြစ် ရွေးကောက်ပွဲအား ကြိုးပမ်းပြင်ဆင်နေကြောင်း သိရသည်။

 

ထို့ကြောင့် နိုင်ငံတကာအစိုးရများအနေဖြင့် ငါးနှစ်နှစ်နီးပါးတိုင်အောင် နေ့စဉ်နှင့်အမျှ သတ်ဖြတ်ခံရမှု၊ ဥပဒေမဲ့ဖမ်းဆီး ညှဉ်းပမ်းနှိပ်စက်ခံရမှု၊ အတင်းအကျပ် နေရပ်စွန့်ခွာခံရမှုများကို ရင်ဆိုင်ရင်း စစ်ကော်မရှင်အား ဆန့်ကျင်နေကြသော မြန်မာပြည်သူများနှင့်အတူ ရပ်တည်ရမည်ဖြစ်ကြောင်း JFM က ဆိုသည်။

 

အလားတူ အာဏာသိမ်း စစ်ကော်မရှင်ကိုလည်း နိုင်ငံတကာမှ အရေးယူမှုများ၊ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ပြုလုပ်ထားပြီး ရွေးကောက်ပွဲအား လက်မခံသလို ၎င်းတို့နှင့်အတူ လက်အောက်ခံ UEC တို့ကို အကြမ်းဖက်များအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ကြေညာထားသည်။

 

ဓာတ်ပုံ-စစ်ကော်မရှင်