ဧရာဝတီတိုင်းမ်
(ချင်းပြည်)၊ ဒီဇင်ဘာ ၂ ရက်

 

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နှင့် မင်းတပ်မြို့နယ်ကို စစ်ကော်မရှင်တပ်မှ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

 

ကန်ပက်လက်မြို့၊ ဝင်းဟိုတယ်နှင့် အနီးအနားဝန်းကျင်ကို ယနေ့ ဒီဇင်ဘာ ၂ ရက်နေ့၊ နံနက် ၁၀ နာရီတွင် တစ်ကြိမ် နှင့် မနက် ၁၁ နာရီတွင် တစ်ကြိမ် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

“ဝင်း ဟိုတယ် အနားမှာ မနက် ၁၀ နာရီလောက်မှာ သုံးကြိမ်လောက် ဗုံးကြဲတယ်။ မနက် ၁၁ နာရီ လောက်မှာ မြို့အနီးအနား တောထဲမှာလည်း ပွိုင့်ဖိုက်နဲ့ ထပ်ပစ်သွားပါတယ်” ဟု ကန်ပက်လက်ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုလေကြောင်း တိုက်ခိုက်သည့်နေရာများတွင် လေကြောင်းရန် အန္တရာယ်ကြောင့် သွားရောက်ကြည့်ရှု နိုင်ခြင်း မရှိသည့်အတွက် ထိခိုက်ပျက်စီးအခြေနေကို မသိရသေးကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

 

အလားတူ မင်းတပ်မြို့နယ်၊ မင်းတပ် – ကန်ပက်လက် လမ်းပေါ်ရှိ မိုင် ၃၀ အနီးတွင်လည်း ယမန်နေ့ ဒီဇင်ဘာလ ၁ ရက်နေ့၊ ညနေ ၃ နာရီအချိန်တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။

 

“ပေါင် ၅၀၀ ဗုံးသီးတစ်လုံးနဲ့ အရင် ဗုံးကြဲပါတယ်။ ထပ်ပြီး လေကြောင်းကနေ ရော့ကတ်တွေနဲ့ပါ လာပစ်သွားပါတယ်။ အဲ့ဒီပစ်ခတ်မှုမှာ ထိခိုက်ပျက်စီးမှုက မရှိပါဘူး”ဟု မင်းတပ်မြို့နယ်ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ကန်ပက်လက်နှင့် မင်းတပ်မြို့သည် ချင်းညီနောင် (CB) ထိန်းချုပ်ထားသော မြို့နယ်များဖြစ်ပြီး ပြီးခဲ့သည့်နှစ် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် သိမ်းပိုက်ရရှိထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်