နိုရာ/ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၁ ရက်
ပရဟိတဂေဟာထဲက ခုတင်တစ်ခုပေါ်တွင် လဲလျောင်းနေရသည့် အသက် ၇၀ ကျော်အရွယ် ဒေါ်ကြီးမြင့်တစ်ယောက် သတိလည်လာသည့်အခါတိုင်း “အဝါ… အဝါ…” ဟု စိတ်လိုလက်ရ ညည်းညူ ခေါ်မြည်လေ့ရှိသည်။
“အဝါ” ဆိုသည်မှာ မကြာသေးခင် ရက်ပိုင်းကမှ မွေးရာပါ နှလုံးရောဂါဖြင့် ဆုံးပါးသွားခဲ့သည့် ဒေါ်ကြီးမြင့်၏ ဒေါင်းဆင်ဒရုန်း သမီးငယ်လေး၏ အမည်ဖြစ်သည်။
အဝါလေးက လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်က ရပ်ကွက်ထဲမှာ ပထမဆုံးသော ဒေါင်းဆင်ဒရုန်း ကလေးငယ် လေးဖြစ်တဲ့အတွက် လူအများကဲ့ရဲ့စရာဖြစ်ခဲ့သည်။
ဒေါင်းဆင်ဒရုန်းဆိုသည်မှာ ခန္ဓာကိုယ်အတွင်း ပုံမှန်မဟုတ်သော ဆဲလ်ကွဲပြားခြင်းမှ ဖြစ်ပေါ်လာသော မျိုးရိုးဗီဇဆိုင်ရာရောဂါ ဖြစ်သည်။ ဒေါင်းဆင်ဒရုန်းသည် ဝေဒနာရှင်၏ဉာဏ်ရည်ပိုင်းဆိုင်ရာ မသန်စွမ်း မှုနှင့်ဖွံ့ဖြိုးမှု နှောင့်နှေးခြင်းကိုဖြစ်စေသည်။
သန္ဓေသားလောင်းစတင်ဖြစ်ပေါ်ချိန်တွင် ဆဲလ်များ သည် ပုံမှန်အတိုင်းနှစ်ခြမ်းကွဲပွားရသည်။ ထိုကဲ့သို့ ကွဲပွားသည့်အခါ ခရိုမိုဆုံး ၂၁ က ပုံမှန်အားဖြင့် နှစ်ခုပါဝင်ရမည်ကို သုံးခုပါဝင်သွားခြင်းကြောင့် ဖြစ်ရခြင်းဖြစ်သည်။ အဆိုပါဖြစ်ပေါ်ရခြင်း၏ တိကျသောအကြောင်းအရင်းများကိုမူ အတိအကျ ဖော်ထုတ် နိုင်ခြင်းမရှိသေးပေ။
အဓိကမှာ မိဘမျိုးရိုးနှင့်မဆိုင်ဘဲ ဆဲလ်ကွဲပွားခြင်း အကြောင်းအရင်းကြောင့်သာ သန္ဓေသားလောင်း ဘဝမှစ၍ ဒေါင်းဆင်ဒရုန်းရောဂါဖြစ်ရခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေစုစုပေါင်း၏ ၁၃ ရာခိုင်နှုန်း လူဦးရေ ၅.၉ သန်းသည်မသန်စွမ်းသူများဖြစ်သည်။ မြန်မာနိုင်ငံရှိ ဒေါင်းဆင်ဒရုန်းမသန်စွမ်းသူလူဦးရေ စာရင်းအတိအကျကိုမသိရသော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏အစီရင်ခံစာတွင် နှစ်စဥ် မြန်မာနိုင်ငံမှာ မွေးဖွားသော ကလေးအယောက် ၁,၀၀၀ တိုင်း တွင် ၁.၇ ခန့်မှာ ဒေါင်းဆင်ဒရုန်း ရောဂါလက္ခဏာတွေ့ရှိရသည်ဟု ဖော်ပြထားပါသည်။
မသန်စွမ်းသူများသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆိုးရွားသော အခြေ အနေများနှင့် ရင်ဆိုင်နေရသည် သာမကပဲ ၄င်းတိုအား ကျဉ်ဖယ်ထားခြင်းနှင့်လည်းရင်ဆိုင်နေရသည်ဟု မကြာသေးခင်က ထုတ်ပြန်ခဲ့သော ကုလ သမဂ္ဂ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးစ်၏ အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။
ထိုသို့ ထိခိုက်လွယ်သော မသန်စွမ်းသူတို့၏ အခြေအနေများကို အဝါနှင့် ဝေယံတို့၏ ဘဝဇာတ်ကြောင်း များမှတစ်ဆင့် ထင်ဟပ်စေခဲ့သည်။
ရန်ကုန်တိုင်း၏ ဆင်ခြေဖုံးရပ်ကွက်တွင် နေထိုင်ကြသည့် အဝါတို့သားအမိကို ပတ်ဝန်းကျင်မှ ရှေးရိုးစွဲ အမြင်များဖြင့် ကဲ့ရဲ့ပြစ်တင်မှုများ ပြုလုပ်လေ့ရှိသည်။
“ကလေးက ကျပ်မပြည့်ဘူး။ သိုက်ကလာတာ” စသည့် ရှေးရိုးစွဲစကားများကို ဒေါ်ကြီးမြင့် ရင်ဆိုင်ခဲ့ရသည်။
ဒေါ်ကြီးမြင့်သည် အဝါ့ကို အသက် ၄၀ ကျော် ၅၀ နီးမှ မွေးဖွားခဲ့ခြင်းဖြစ်ပြီး အသက်အရွယ်ကြီးမှ ကလေးရလာခြင်းနှင့် အဝါလေးမှာ ဒေါင်းဆင်ဒရုန်း ကလေးငယ်ဖြစ်ခြင်းတို့ကြောင့် သားအမိနှစ်ဦး စလုံးမှာ အမျိုးမျိူးသော ပြစ်တင်ကဲ့ရဲ့မှုများကို ကြုံတွေ့ခဲ့ရသည်။
လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်က အတိတ်ဘဝမှာ ကျူးလွန်ခဲ့တဲ့ လုပ်ရပ်များနှင့်ဆက်စပ်နေသည်ဆိုသော “ကံကြမ္မာ” အဓိပ္ပာယ်ဖွင့်ဆိုချက်ကလည်း အန္တရာယ်ရှိသည့် အဓိက တွန်းအားတွေ ထဲက တစ်ခုဖြစ်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုအလွန် မသန်စွမ်းသူများ အခွင့်အရေး အစီရင်ခံစာမှာ ဖော်ပြပါရှိသည်။
အဆိုပါ အမြင်များသည် မသန်စွမ်းသူများအတွက် စိတ်ကျရောဂါနှင့် ကိုယ့်ကိုကိုယ် အဆုံးစီရင်ရန် ကြိုးပမ်းမှုများအထိ ဖြစ်ပေါ်စေနိုင်ကြောင်းလည်း အစီရင်ခံစာက သတိပေးထားသည်။
”တကယ်တော့ ဉာဏ်ရည်မသန်စွမ်းတာက ပြဿနာမဟုတ်ဘူး။ သူရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ အတားအဆီးတွေကသာ ပြဿနာဗျ။ ဥပမာ-ခြေ ထောက်မရှိတာက ပြဿနာမဟုတ်ဘူး။ သူဘတ်စ်ကား စီးလို့မရတာကသာ ပြဿနာ။ လူ့ဘောင်အဖွဲ့အစည်းမှာ မသန်စွမ်းသူတွေဟာလည်း ရှင်သန်ရပ်တည် နေကြသူတွေပါ။ သူတို့အခက်အခဲတွေကို ဝိုင်းဝန်းကူညီဖြေရှင်းနိုင်ရမယ်” ဟု မသန်စွမ်းအရေး ဆောင်ရွက်နေသူ တစ်ဦးက မသန်စွမ်းသူတွေကြုံတွေ့နေရတဲ့ အတားအဆီးတွေကိုရှင်းပြသည်။
အဝါ ၁၀ နှစ်အရွယ်တွင် ဖခင်ဖြစ်သူက ကင်ဆာရောဂါဖြင့် ဆုံးပါးသွားခဲ့သည်။ ဖခင်ဆုံးပါးပြီးနောက် စိတ်ကျန်းမာရေးချို့ယွင်းလာသည့် မိခင် ဒေါ်ကြီးမြင့်ကို စကားတစ်လုံးစ နှစ်လုံးစသာ ပြောနိုင်သော အဝါကပင် အချိန်တန်လျှင် အိမ်သို့ ပြန်ခေါ်လာကာ ပြုစုစောင့်ရှောက်ခဲ့ရသည်။
ဒေါင်းဆင်ဒရုန်းဝေဒနာရှင်များက တစ်ဦးနှင့်တစ်ဦး ရောဂါလက္ခဏာပုံစံမတူကြပေမယ့် သာမန်ထက် ဦးခေါင်းပိုမိုသေးငယ်ခြင်း၊ သာမန်ထက်တိုသောလည်ပင်းရှိခြင်း စသည့် ကွဲပြားခြားနားသော လက္ခဏာ များရှိတတ်သည်။
အဝါ သည် မျက်နှာပြားပြား၊ နှာခေါင်းပြားပြား၊ မျက်လုံးကလေးတွေ ထောင့်ကပ်ပြီး လက်ချောင်း၊ ခြေချောင်း တုတ်တုတ်နုနုကလေးတွေနှင့် ချစ်စရာ ကလေးမလေးတစ်ဦး ဖြစ်သည်။ မိခင်ဖြစ်သူ အိမ်ကထွက်သွားတိုင်း မိခင်လက်ကို ဖမ်းဆွဲပြီး အိမ်ပြန်ခေါ်လာဖို့ ကြိုးစားလေ့ရှိသည့် နှလုံးသားနှင့် အသိဉာဏ်ရှိသူ လည်း ဖြစ်သည်။
“အဝါ ထမင်းရှိလားလို့ ကျွန်တော် သွားမေးလို့ အဝါက ‘ရှိ’ ပြောရင် ကျွန်တော် ထမင်းသွားပို့စရာ မလိုဘူး” ဟု အဝါ၏ ဝမ်းကွဲဘကြီးဖြစ်သူက ပြောသည်။
ဒေါ်ကြီးမြင့်၏ မောင်ဖြစ်သူက မိဘအမွေဆိုင်ခြံတွင် နေထိုင်သည့် အဝါတို့သားအမိကို အိမ်မှ မောင်းထုတ်ခဲ့ပြီးနောက် ပရဟိတဂေဟာသို့ ရောက်ခဲ့ရသည်။ ဆင်းရဲခြင်း၊ ဆေးပညာဗဟုသုတ ခေါင်းပါးခြင်းများအပြင် ပတ်ဝန်း ကျင်၏ အထောက်အပံ့ကောင်း မရရှိခြင်းတို့က အဝါတို့သား အမိအတွက် အကြီးမားဆုံး အတားအဆီးများ ဖြစ်ခဲ့သည်။
မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီပေးရေး ရန်ပုံငွေသည် လိုအပ်ချက်၏ ၂၀ ရာခိုင်နှုန်းသာရရှိ နေသောကြောင့် အရပ်ဘက်နှင့် ပရဟိတအဖွဲ့များအပေါ် ဝန်ထုပ်ဝန်ပိုးများ တိုးလာကြောင်း မကြာသေးမီကထုတ်ပြန်သည့် ကုလသမဂ္ဂ အစီရင်ခံ စာတွင် ထောက်ပြထားသည်။ ၂၀၂၁ ခုနှစ် အာဏာ သိမ်းပြီးနောက် ဉာဏ်ရည်မသန်စွမ်းသူများ အတွက် အစိုးရ၏ စစ်ကော်မရှင်ထံမှ ကူညီထောက်ပံ့မှု မရှိတော့သဖြင့် ပုဂ္ဂလိကနှင့် အဖွဲ့အစည်းများအပေါ်သာ မှီခိုနေရသည်။
မသန်စွမ်းသူများကို ကူညီနေသည့် ပုဂ္ဂလိကအဖွဲ့အစည်းများဖြစ်သည့် အဖွဲ့အစည်းတချို့မှာ နိုင်ငံရေး အပြောင်းအလဲများကြား ဆက်လက်ရပ်တည်နေမှုများရှိနေပြီး မသန်စွမ်းစွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းသင်တန်းများ၊ နည်းပညာကိုအသုံးပြုပြီး စီးပွားရေးလုပ်ကိုင်နိုင်စေမည့် သင်တန်းများကိုပါ စဉ်ဆက်မပြတ် ဖွင့်လှစ်လျက်ရှိသည်ကို ရွှေမင်းသားဖောင်ဒေးရှင်း၏ လှုပ်ရှားမှုများ အရ သိရသည်။
မြန်မာနိုင်ငံရှိ ဉာဏ်ရည်မသန်စွမ်းသူ ၁၈ နှစ်အောက် ကလေးငယ်များကို ကမ္ဘာ့ကုလသမဂ္ဂ ကလေးများပညာရန်ပုံငွေအဖွဲ့ UNICEF ကလည်း အစိုးရ ဉာဏ်ရည်မသန်စွမ်းကျောင်း၊ ပုဂ္ဂလိက ဉာဏ်ရည်မသန်စွမ်း Private school နှင့် ဉာဏ်ရည်မသန်စွမ်း အသင်း အဖွဲ့များနှင့် ချိတ်ဆက်ကာ ဉာဏ်ရည်မသန်စွမ်းကလေးငယ်တစ်ဦးစီကို ငွေကျပ် ၄၀၀၀၀ ထောက်ပံ့လျက်ရှိသည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကော်မရှင်က UNICEF က ကူညီသည့် အထောက်အပံ့များကို ၎င်းတို့မှတစ်ဆင့် စီးဆင်းစေလိုပြီး တိုက်ရိုက်ကူညီမှုကိုပင် သဘောမတူသည့် အနေအထားကို ဖော်ပြလာသည်။
“အရင်အစိုးရလက်ထက်က မသန်စွမ်းသူတွေအတွက် လုပ်ပေးနိုင်ဖို့က အဓိက။ အခုကျတော့ အစိုးရအသိအမှတ်ပြုရေးကို နေပြည်တော်ကိုအခေါက်ခေါက်တက်ပြီး စာတင်ရတယ်။ ကျွန်မတို့ ဘက်က အချက်အလက်တွေကိုပဲ စစ်တပ်ကရယူချင်ပြီး သူတို့ဘက်က လုပ်ပေးနိင်တာ ဘာတစ်ခုမှ မရှိဘူး။ အခုထိ ဘာထောက်ပံ့မှုမှ ပြုလုပ်ပေးနေတာမျိုးမရှိပါဘူး”ဟု မသန်စွမ်းအရေး ဆောင်ရွက် နေသည့် အသင်းအဖွဲ့တစ်ခုမှ အမျိုးသမီးတစ်ဦးက ပြောသည်။
အာဏာမသိမ်းမီက မသန်စွမ်းသူအရေးဆောင်ရွက်နေကြသော အဖွဲအစည်းများကျယ်ကျယ်ပြန့်ပြန့် ရှိသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် ထိုအဖွဲ့အစည်းများ၏ လှုပ်ရှားဆောင်ရွက်မှုများ ကန့်သတ်ခံလာရသဖြင့် အဖွဲ့အစည်းအများအပြားလုပ်ငန်းများရပ်ဆိုင်းသွားသည်။
လတ်တလောတွင် မသန်စွမ်းသူများအရေးဆောင်ရွက်နေသော အဖွဲ့အစည်းတချို့ကျန်ရှိနေသောလည်း လုံလောက်မှုမရှိပါ၊ ထို့ကြောင့် ငွေကြေးတတ်နိုင်သူများသာ ကောင်းမွန်သောဝန်ဆောင်မှုကို ရရှိနေကြောင်း ဉာဏ်ရည် မသန်စွမ်းသူများအသင်းနှင့် နီးစပ်သူများထံမှ သိရသည်။
”အခုလက်ရှိ အာဏာသိမ်းပြီးချိန်မှာ ဉာဏ်ရည်မသန်စွမ်းသူတွေကို အစိုးရ(စစ်ကော်မရှင်)က ကူညီ ထောက်ပံ့မှုမရှိပါဘူး။ မြန်မာ အော်တစ်ဇင်အသင်းက အော်တစ်ဇင်၊ ဒေါင်းဆင်ဒရုန်းစတဲ့ ဉာဏ်ရည် မသန်စွမ်းသူတွေအတွက် Day Care Center ဖွင့်ထားပါတယ်။ သူတို့ကတော့ ငွေကြေးယူပြီး Care လုပ်ပေးနေပါတယ်။ private school တွေလည်းဖွင့်လာကြပေမယ့် ငွေကြေးတတ်နိုင်သူပဲ ထားနိုင်ကြတဲ့ အခြေအနေပါ” ဟု ဉာဏ်ရည်မသန်စွမ်းသူများအသင်းတွင် ပါဝင်ဆောင်ရွက်နေသူ အမျိုးသမီးတစ်ဦးကပြောသည်။
မြန်မာနိုင်ငံတွင် မသန်စွမ်းသူအမျိုးအစားကို အမြင်အာရုံ မသန်စွမ်း၊ အကြားအာရုံမသန်စွမ်း၊ ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းနှင့် ဉာဏ်ရည်ပိုင်းဆိုင်ရာ မသန်စွမ်းဟူ၍ လေးမျိုးခွဲခြားထားပြီး အဝါကတော့ ဉာဏ်ရည်ပိုင်းဆိုင်ရာ မသန်စွမ်းသူအုပ်စုတွင် ပါဝင်သည့် ကလေးတစ်ဦးပင် ဖြစ်သည်။
အဝါ၏ မိခင်ဒေါ်ကြီးမြင့်တစ်ယောက် သူမ၏ နောက်ဆုံးနေ့ရက်များကို ဂေဟာထဲက သူ့ကိုယ်ပိုင် ကုတင်လေးပေါ်မှာ လဲလျောင်း ရင်ဆိုင်ရင်း သတိရသည့်အခါတိုင်း “အဝါ” ဟု ရေရွတ်လျက်ရှိ နေပေသည်။
အဝါကဲ့သို့ပင် ပတ်ဝန်းကျင်၏ ဖိအားနှင့် ခွဲခြားဆက်ဆံမှုများကို ရင်ဆိုင်နေရသူမှာ အသက် ၂၀ အရွယ် ဒေါင်းဆင်ဒရုန်း လူငယ်လေး ဝေယံ ဖြစ်သည်။
“ဝေယံကို အိမ်မှာပဲ အရပ်လက်သည်နဲ့ မွေးတယ်။ မွေးပြီး နှစ်ပတ်မှာ ကလေးက နို့မဝင်ဘဲ အသားတွေ ဝါလာလို့ ရန်ကင်း ကလေးဆေးရုံပြရတယ်။ အဲဒီ့မှာ သူတို့က ကလေးဟာ ဒေါင်းဆင်ဒရုန်းရောဂါ ဖြစ်တယ်လို့ ပြောလိုက်တာ” ဟု ဝေယံ၏ မိခင်ဖြစ်သူက ပြောသည်။
ဝေယံ၏ မိခင်ဖြစ်သူသည် ဝေယံနှင့် ၁၀ နှစ်ကွာသည့် ကလေးတစ်ဦး ထပ်မွေးပြီးနောက် ဖခင်ဖြစ်သူက အိမ်မှထွက်သွားခဲ့ပြီး ယနေ့တိုင် ပြန်လာခဲ့ခြင်း မရှိတော့ပေ။
“ကျွန်မပဲ ဒီကလေးနှစ်ယောက်ကို ပြုစုရတယ်။ ဝေယံက မငိုတတ်ဘူး။ ကလေးကတည်းက မငိုတတ်တာ။ သူက အမြဲမျက်ခုံးလေး ရှုံ့ပြီး ရှုတည်တည်ပဲ နေတယ်။ အသက် ၁၂ နှစ်လောက်ရောက်မှ သူ့ဘာသာ ထမင်းကို ကိုယ်တိုင်စားတတ်လာတာ” ဟု ဝေယံ၏ မိခင်က ဆိုသည်။
ဝေယံနှင့် ၁၀ နှစ်ကွာသည့် ညီဖြစ်သူသည် သန်စွမ်းသူကလေးငယ်တစ်ဦးဖြစ်ပြီး ဝေယံက ညီဖြစ်သူ အပေါ် ချစ်ကြောင်းပြတတ်သည်။ ဝေယံ၏မိခင်သည် ငွေတိုးပေးခြင်းနှင့် ဈာပန ဝန်ဆောင်မှုပေးခြင်း အလုပ်ကို လုပ်ကိုင်သူဖြစ်၍ ညဉ့်နက်သန်းခေါင်မှ အိမ်ပြန်ရောက်လေ့ရှိသည်။
ဝေယံသည် “ညီလေး”၊ “ရှိလား”၊ “စားမယ်”၊ “အိပ်မယ်” ဟု စကားတိုတို တုတ်တုတ်၊ အသံပြတ်ပြတ်ဖြင့် ညီဖြစ်သူကို မေးမြန်းလေ့ရှိသည်။ ဝေယံသည် မိခင်ဖြစ်သူ ညဘက်အလုပ်များ လုပ်ကိုင်ရသဖြင့် ညဉ့်နက်မှ အိမ်ပြန်ရောက်လေ့ရှိသောကြောင့် ညီငယ်လေးကို ထိန်းကျောင်း၊ စောင့်ရှောက်ရသူ ဖြစ်လာသည်။
“ကျွန်မ ညသန်းခေါင်ကျော်မှ ပြန်လာလည်း ဝေယံက မအိပ်ဘူး ထိုင်စောင့်တာ။ မနက်ဆို သူ အိမ်သာဆေးပြီးပြီ။ ခြံထဲရေဖြန်း၊ တံမြက်စည်းလှည်း၊ လမ်းထဲလည်း သစ်ရွက်ကြွေတွေကို ကောက်တာပဲ” ဟု မိခင်ဖြစ်သူက ပြောသည်။
ဝေယံတို့ မိသားစုသည် ဟိန္ဒူလူမျိုး ခရစ်ယာန်ဘာသာဝင်များဖြစ်ကြပြီး ခရစ်ယာန်ဓမ္မတေး သီချင်းများကို ဘလူးတုဘောက်စ်လေးဖြင့် ဖွင့်ကာ ခြံရှေ့တံမြက်စည်းထွက်လှည်းနေသည့် ဝေယံကို နံနက်တိုင်းလိုလို တွေ့ရတတ်သည်။
ဝေယံသည် ဉာဏ်ရည်မသန်စွမ်းသူဖြစ်ခြင်းအပြင် ဘာသာခြား ဖြစ်ခြင်းကြောင့် အထပ်ထပ်ဆင့် ကဲဖိနှိပ်ခံရခြင်း ကိုလည်း ရင်ဆိုင်နေရသည်။ ဉာဏ်ရည်မသန်စွမ်းသူ၏ စကားမှာ မှန်တတ်သည်ဟူသော ရှေးရိုးစွဲအမြင်ဖြင့် လူအများက ဝေယံကို နှစ်လုံးထီ ဂဏန်းတောင်းခံကာ နှောင့်ယှက်လေ့ရှိသည်။
“အရူးပြောတာ မှန်တတ်တယ်။ ပေါက်လည်း ပေါက်တယ်ဆိုပြီး ကလေးကို နှောင့်ယှက်ကြတယ်။ ကျွန်မနဲ့ ထိပ်တိုက်တိုးလို့ကတော့ ပါးရိုက်မယ်” ဟု ဝေယံ၏ မိခင်က ဒေါသတကြီး ဆိုသည်။
ဒေါင်းဆင်ဒရုန်းကလေးငယ်များသည် လူအများစုနှင့် ရင်းနှီးလွယ်ပြီး လူမှု ဆက်ဆံရေး ကောင်းမွန်ကာ ပတ်ဝန်းကျင်အသိုင်းအဝိုင်းနှင့် ဝင်ဆံ့ပေါင်းသင်းနိုင်ကြောင်း မသန်စွမ်းအရေး လှုပ်ရှားသူတစ်ဦးထံမှ သိရသည်။ ဝေယံတစ်ယောက် လက်ရှိတွင် မိခင်ဖြစ်သူ၏ စောင့်ရှောက်မှုဖြင့် ရပ်တည် ရှင်သန် နေသော်လည်း မိခင်မရှိတော့မည့်အချိန်တွင် တစ်ဦးတည်း ရှင်သန်ရပ်တည်နိုင်ရေးမှာ ကြီးမားသည့် စိန်ခေါ်မှုပင်ဖြစ်သည်။
မသန်စွမ်းအရေးဆောင်ရွက်သူ ပညာရှင်တစ်ဦးက “မသန်စွမ်းမှုဖြစ်စေတာက မသန်စွမ်းသူရဲ့ အားနည်းချက် မဟုတ်ဘူး။ စနစ်ရဲ့အားနည်းချက်၊ ပတ်ဝန်းကျင်ရဲ့ အားနည်းချက် ကြောင့်သာ ဖြစ်ရတာ” ဟု မှတ်ချက်ပြုသည်။
ထို့ပြင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် မသန်စွမ်းသူများကို ပစ်မှတ်ထား သတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ခြင်းများကိုပင် ပြုလုပ်ခဲ့ကြောင်းကို မှတ်တမ်းများအရ တွေ့ရှိရကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အင်ဒရူးစ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
မိခင်ကို ကာကွယ်ဖို့၊ စောင့်ရှောက်ဖို့ စိတ်နှလုံးနှင့် အသိဉာဏ်ရှိသော အဝါသည် မိခင်ကို ပြုစု စောင့် ရှောက်ရင်း ဆုံးပါးသွားခဲ့ရသည်။
ဝေယံလိုဒေါင်းဆင်ဒရုန်းဝေဒနာရှင်များ အပါအဝင် အခြားမသန်စွမ်းသူများမှာ ကျန်းမာရေး စိန်ခေါ်မှု များအပြင် လူမှုပတ်ဝန်းကျင်၏မှားယွင်းသောအယူအဆများနှင့် ခွဲခြားဆက်ဆံမှုများနှင့်လည်း ရင်ဆိုင်နေရပြီး မသန်စွမ်းသူများအခွင့်အရေးများ လည်းဆုံးရှုံးနေသည်။
မြန်မာနိုင်ငံရှိ သန်းနှင့်ချီသော မသန်စွမ်းပြည်သူများသည် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် မဟုတ်ဘဲ၊ နိုင်ငံတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့်ရှိနေသော လူမှုရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့် ပတ်ဝန်းကျင် ဆိုင်ရာ အတားအဆီးများ၊ တနည်းပြောရလျှင် ပုန်း ကွယ်နေသောအကျပ်အတည်းများနှင့် ဆက် လက်ရင်ဆိုင်နေရကြောင်း UN ကုလသမဂ္ဂ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က မကြာသေးမီကပင် နိုင်ငံတကာကို သတိပေး ပြောကြားလိုက်သည်။