ဧရာဝတီတိုင်းမ်
(မွန်)၊ ဒီဇင်ဘာ ၁ ရက်

 

မွန်ပြည်နယ်တွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ထိုင်း-မြန်မာနယ်စပ် ကျားဖြန့်ငွေလိမ်ဂိုဏ်းများမှ ထွက်ပြေးလာသူများကို ဖမ်းဆီးကာ စစ်မှုထမ်းတပ်သားသစ်များအဖြစ် စုဆောင်းရန်ကြိုးပမ်း နေကြောင်း ဒေသခံများထံမှ သိရသည်။

 

ကျားဖြန့်လုပ်ငန်းခွင်များက ထွက်ပြေးလာသူများတွင် တရုတ်နိုင်ငံသားများအပြင် မြန်မာနိုင်ငံသား များလည်း ပါဝင်နေပြီး မြဝတီ-ဘားအံ-သထုံ-ရန်ကုန်လမ်းပိုင်းမှတဆင့် ပြည်တွင်းသို့အများအပြား ပြန်လည်ဝင်ရောက်လာကြခြင်းဖြစ်သည်။

 

“ကျွန်တော်တို့တစ်ခုကြားတာက လွန်ခဲ့တဲ့နှစ်ရက် သုံးရက်လောက်က ကျိုက်ထိုခန်းမမှာ ဖမ်းထားတာ ရှိတယ်ပေါ့နော်။ တရုတ်တွေရော၊ မြန်မာနိုင်ငံသားတွေရော။ အဲ့မြန်မာနိုင်ငံသားတွေမှာ စစ်မှုထမ်းနဲ့ အကြုံးဝင်တဲ့အမျိုးသားတွေကို စစ်မှုထမ်းထဲထည့်မယ်ဆိုတဲ့ သတင်းတော့ကြားထားတယ်” ဟု ကျိုက်ထိုဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့ပြင် စစ်ကော်မရှင်တပ်ဖွဲ့များသည် မွန်ပြည်နယ်အတွင်း ကျားဖြန့်နှိမ်နင်းရေးဟုဆိုကာ ရှမ်းပြည်နယ် မှတ်ပုံတင်(၁၃/) ကိုင်ဆောင်ထားသူများကို ကားဂိတ်၊ ရထားဂိတ်၊ စစ်ဆေးရေးဂိတ် စသည်တို့တွင် လိုက်လံဖမ်းဆီးလျက်ရှိကြောင်းလည်း သိရသည်။

 

ပေါင်မြို့နယ်၊ ရင်းငြိမ်ကျေးရွာဘူတာရုံတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ ရက်နေ့က မြန်မာနိုင်ငံသားများ၊ နိုင်ငံခြားသားများ၊ တရုတ်များအပါအဝင် ကျားဖြန့်ဂိုဏ်းများမှထွက်ပြေးလာကြသည့် လူအယောက် ၁၀၀ ကျော်ကို စစ်ကော်မရှင်ကဖမ်းဆီးခဲ့ကြောင်းလည်း သိရသည်။

 

“မွန်ပြည်နယ်မှာတော့ စစ်တပ်နဲ့ရဲတွေက ၁၃/ တွေကို အကြီးကျယ်လိုက်ဖမ်းနေတယ်။ ကားဂိတ်၊ ဘူတာရုံနဲ့ စစ်ဆေးရေးဂိတ်တွေမှာ ဖမ်းတယ်။ တည်းခိုးခန်းတွေမှာလည်း ၁၃/ တွေကို လက်မခံဖို့ လိုက်ပြောထားတယ်။ ၂၆ ရက်နေ့မှာ မော်လမြိုင်ဘူတာကြီးမှာ ၁၃/ ကိုင်ဆောင်ထားတဲ့ လူငယ် ၂၀ ကျော်ကို ဖမ်းသွားတယ်” ဟု မော်လမြိုင်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

လက်ရှိတွင် မြဝတီကျားဖြန့်လုပ်ငန်းခွင်များမှ ထွက်ပြေးကြသည့် တရုတ်နိုင်ငံသားများအတွက် မြဝတီ-ရန်ကုန် ခရီးစဉ်တစ်ခုမှာ ဘတ်တစ်သိန်းအထိ ပေါက်ဈေးရှိနေပြီး အခြားနေရပ်ပြန်ကြသည့် မြန်မာနိုင်ငံသားများနှင့် တရုတ်လူမျိုးများအနေ ဖြင့် လမ်းတွင် စစ်ကော်မရှင်ဂိတ်စခန်းများထံ အခ ကြေးငွေမြောက်မြားစွာ ပေးဆောင်၍ ဖြတ်သန်းသွားလာနေကြကြောင်းလည်း သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်