ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁ ရက်

 

လာနီညာရာသီဥတုအားကောင်းနေဆဲဖြစ်ကာ ရန်ကုန်တိုင်းအပါဝင်တိုင်းနှင့် ပြည်နယ်အချို့တွင် ညအပူချိန်လျော့နည်းမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ယနေ့ ဒီဇင်ဘာ ၁ ရက်နေ ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။

 

ဆောင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သလို လာနီညာရာသီဥတု၏ အရှိန်ကြောင့် လာမည့် နှစ်ရက်အတွင်း ညအပူချိန်အနည်းငယ် လျော့နည်းနေမည့် ဒေသများမှာ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီတိုင်း၊ ကရင်နီ (ကယား) ပြည်နယ်၊ ရှမ်းပြည်နယ် အပါအဝင် နေပြည်တော်တို့ ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်မြို့တွင် အနိမ့်ဆုံးအပူချိန်မှာ ၁၆ ဒီကရီဆဲလ်စီးယပ် ရှိနိုင်ပြီး အမြင့်ဆုံးအပူချိန် ၃၀ ဒီကရီဆဲလ်စီးယပ်၊ မန္တလေးမြို့တွင် အနိမ့်ဆုံးအပူချိန်မှာ ၁၄ ဒီကရီဆဲလ်စီးယပ်ရှိနိုင်ပြီး အမြင့်ဆုံး အပူချိန်မှာ ၁၉ ဒီကရီဆဲလ် စီးယပ်ရှိနိုင်သည်။

ကရင်နီ ( ကယား) ပြည်နယ်တွင် အနိမ့်ဆုံးအပူချိန်မှာ ၈ ဒီကရီဆဲလ်စီးယပ်ရှိနိုင်ပြီး အမြင့်ဆုံးအပူချိန်မှာ ၂၇ ဒီကရီဆဲလ်စီးယပ်၊ ရှမ်းပြည်နယ်တွင် အနိမ့်ဆုံးအပူချိန်မှာ ၇ ဒီကရီဆဲလ်စီးယပ်ရှိနိုင်ပြီး အမြင့်ဆုံးအပူချိန်မှာ ၂၅ ထိရှိနိုင်ကြောင်းမိုး/ဇလ ထံမှ သိရသည်။

 

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်တို့တွင် လာမည့် ဒီဇင်ဘာ ၂ ရက်နေ့ နေ့လယ်အထိ နေရာကွက်ကျားမိုးအနည်းငယ်ရွာနိုင်ကြောင်း မိုး/ဇလ၏ ခန့်မှန်းချက်တွင် ဖော်ပြထားသည်။

 

လာမည့် ဒီဇင်ဘာ ပထမ ၁၀ ရက်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အောင်တို့တွင် လေဖိအားနည်းရပ်ဝန်း ၁ ကြိမ်ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

 

လက်ရှိတွင်အားအနည်းငယ်ရှိသော လာနီညာရာသီဥတုဆက်ရှိနေသဖြင့် အရှေ့ဘက်မှလေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်း ဒေသအချို့တွင် ညအပူချိန်များလျော့နည်းနိုင်ခြင်းနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များပိုမိုဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ ပညာရပ်များကို လေ့လာနေသူများက သတိပေးထားသည်။

ဓာတ်ပုံ – ပင်လောင်းဒေသခံ