နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁ ရက်

အာဏာသိမ်း စစ်ကော်မရှင်သည် ၎င်းတို့ထိန်းချုပ်ရာ နေပြည်တော်၊ ရန်ကုန်အပါအဝင် ခုခံတော်လှန်မှု အားကောင်းသော စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် စစ်ရေးပစ်မှတ်များထက် အရပ်သားများကို ဦးတည်တိုက်ခိုက်မှုများကို ပြီးခဲ့သည့် လေးလတာအတွင်း ပိုမိုလုပ်လာကြောင်း ပဉ္စမမဏ္ဍိုင် (PMCSG) ၏ သုတေသန စစ်တမ်းအရ သိရသည်။

စစ်ကော်မရှင်သည် ယခုနှစ်၊ ဇူလိုင် ၁ ရက်မှ အောက်တိုဘာ ၃၁ ရက်အထိ (လေးလတာ)အတွင်း စစ်ရေးပစ်မှတ်မဟုတ်သည့် စစ်ရှောင်ပြည်သူများ၊ စာသင်ကျောင်းများနှင့် ဆေးခန်း စသည်တို့ကို ဦးတည်တိုက်ခိုက်သဖြင့် အရပ်သားအများအပြား ထိခိုက်သေဆုံးခဲ့ရပြီး စစ်ကိုင်းတိုင်းတွင် အများဆုံး ကျူးလွန်ထားကြောင်း သိရသည်။

“တော်လှန်ရေးအားကောင်းပြီး နယ်မြေစိုးမိုးထားတဲ့ နေရာတွေကို ရွေးကောက်ပွဲလုပ်နိုင်ဖို့ မြေပြင် စစ်ကြောင်းထိုးပြီး နယ်မြေပြန်ယူတာတွေ ပိုလုပ်လာတယ်။ ပြီးရင် အဲ့ဒီနေရာတွေကို ရွေးကောက်ပွဲ နယ်မြေ၊ လုံခြုံရေးဂိတ်စသဖြင့် အထိုင်ချ တပ်စွဲလိုက်တာမျိုးပါ” ဟု PMCSG ၏ တာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်၏ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခြင်း၊ ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့ဖျက်စီးခြင်း စသည်တို့ကြောင့် အရပ်သား အမျိုးသား ၂၄၉ ဦးနှင့် အမျိုးသမီး ၃၅ ဦး စုစုပေါင်း ၂၈၄ ဦး သေဆုံးကာ ယင်းအရေအတွက်သည် အတည်ပြု ကောက်ယူနိုင်သော ပမာဏသာဖြစ်ပြီး မြေပြင်၌ ပို၍များနိုင်ကြောင်း သိရသည်။

ထို့အပြင် စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ရာဇဝတ်မှုများကိုလည်း စစ်ကော်မရှင်နှင့် လက်အောက်ခံ ပျူစောထီး၊ ရပ်/ကျေးအဖွဲ့များမှ ကျူးလွန်နေပြီး စစ်ကိုင်းတွင် ၁၈၉ ကြိမ်၊ ရန်ကုန်တွင် ၈၁ ကြိမ်၊ နေပြည်တော်တွင် ၃၈ ကြိမ်နှင့် မကွေးတွင် ၁၁ ကြိမ် စုစုပေါင်း ၃၁၉ ကြိမ်ရှိကြောင်း PMCSG ထံမှ သိရသည်။

ပဉ္စမမဏ္ဍိုင်အနေဖြင့် နေပြည်တော်နှင့် တိုင်းသုံးတိုင်းရှိ ခရိုင် ၁၀ ခု၊ မြို့နယ် ၃၆ ခုတို့ကို စစ်တမ်း ကောက်ယူရာတွင် ဖြစ်စဉ်ပေါင်း ၃၉၇ အား မှတ်တမ်းတင် ထားနိုင်ပြီး အရပ်သားများကို ဦးတည်တိုက်ခိုက်မှု ၃၅၃ ကြိမ်နှင့် စစ်ရေးပစ်မှတ် ၄၄ ကြိမ် ပါဝင်ကာ စစ်ကော်မရှင်က ၃၁၉ ကြိမ်အထိ ကျူးလွန်ထားခြင်းဖြစ်သည်။

ယင်းအပြင် တော်လှန်ရေးတပ်ဖွဲ့များနှင့် အမည်မသိအဖွဲ့များလည်း ကျူးလွန်နေပြီး စစ်ကော်မရှင် ကျူးလွန်သည့် ၃၁၉ ကြိမ်အနက် ၁၄ ကြိမ်သာ စစ်ရေးပစ်မှတ်ဖြစ်နေသလို အရပ်သားများအပေါ် ပစ်မှတ်ထား လုပ်ဆောင်ရာ၌ ပေါ်တာဆွဲ ဖမ်းဆီးမှု၊ ဧည့်စာရင်း စစ်ဆေးမှု၊ စီးနင်းမီးရှို့များလည်း ကျင့်သုံးလျက်ရှိကြောင်း သိရသည်။

စစ်ကော်မရှင်သည် ပြီးခဲ့သည့် လေးလတာအတွင်း ပေါ်တာဆွဲ ဖမ်းဆီးမှု ၅၈ ကြိမ်ရှိခဲ့ပြီး စစ်ကိုင်းတိုင်းရှိ ၎င်းတို့ထိန်းချုပ်ရာ စစ်ကိုင်း၊ မုံရွာ၊ မြင်းမူနှင့် ကလေးမြို့နယ်တို့တွင် ၅၃ ကြိမ်အထိ အများဆုံး ဖြစ်ပွားခဲ့သလို ရန်ကုန်၌ သုံးကြိမ်၊ နေပြည်တောင်တွင် နှစ်ကြိမ်ရှိကြောင်း PMCSG ၏ သုတေသန စစ်တမ်းအရ သိရသည်။

ထို့အပြင် ဧည့်စာရင်း စစ်ဆေးမှု ၅၃ ကြိမ်ရှိပြီး ရန်ကုန်တွင် ၄၂ ကြိမ်နှင့် နေပြည်တော်၌ ၁၁ ကြိမ်ဖြစ်ကာ ဧည့်စာရင်း စစ်ဆေးမှုနှင့်အတူ စစ်ကော်မရှင်တပ်နှင့် လက်အောက်ခံ ပျူစောထီးများသည် ပြည်သူ ၁၇ ဦးအား ဖမ်းဆီးခဲ့သလို ငွေကြေးများ တောင်းခံခြင်း၊ စစ်မှုထမ်း ခေါ်ဆောင်ခြင်းများလည်း လုပ်ဆောင် နေကြောင်း သိရသည်။

ဓာတ်ပုံ- လူမှုကွန်ရက်