ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၁ ရက်
အာဏာသိမ်းစစ်ကော်မရှင်က တာဝန်ယူဆောင်ရွက်မည့် အထွေထွေရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းသာလိုသော်လည်း ဧရာ၀တီတိုင်းမှ ပြည်သူအများစု စိတ်ဝင်စားခြင်းမရှိကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။
စစ်ကော်မရှင်က ရွေးကောက်ပွဲပထမအဆင့်ကို ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပရန် ကြေညာထားပြီး ဧရာ၀တီတိုင်းရှိ မြို့နယ် ၈ ခုတွင် ကျင်းပသွားရန် ပြင်ဆင်နေသော်လည်း ပြည်သူအများစုမှာ မဲပေးရန်စိတ်ဝင်စားမှုမရှိကြောင်း ပြောဆိုကြသည်။
“မဲပေးဖို့က စိတ်မဝင်စားဘူး။ အလုပ်မအားတာနဲ့ မဲစာရင်းတောင် သွားမကြည့်ဖြစ်ဘူး။ သူတို့ (စစ်တပ်) လက်ထက် ကုန်စျေးနှုန်းတွေ တအားတက်လို့ ကိုယ့်ထမင်းကိုယ်တောင် မနည်းရှာစားနေရတာ။ သူတို့ (စစ်တပ်) က အမေစုကိုဖမ်းထားပြီးလုပ်တဲ့ရွေးကောက်ပွဲမို့ အယုံအကြည်မရှိဘူး၊ မဲလည်းသွားပေးမှာ မဟုတ်ဘူး”ဟု ပုသိမ်မြို့ခံအမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်က ရွေးကောက်ပွဲပထမအဆင့်အဖြစ် ဧရာ၀တီတိုင်းရှိ ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ လပွတ္တာ၊ မြောင်းမြ၊ ရေကြည်၊ ကျုံပျော်နှင့် ကြံခင်းမြို့နယ်တို့တွင် ရွေးကောက်ပွဲကျင်းပရန် ကြေညာထားသည်။
ဧရာ၀တီတိုင်း၌ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီ၊ ဦးကိုကိုကြီး၏ပြည်သူ့ပါတီနှင့် ဒေါ်သက်သက်ခိုင်၏ ပြည်သူ့ရှေ့ဆောင်ပါတီတို့၏လှုပ်ရှားမှု၊ မဲဆွယ်မှုများ တွေ့ရသော်လည်း တခြားသော ဒေသတွင်းပါတီများ၏လှုပ်ရှားမှု မတွေ့ရကြောင်း ဒေသခံများက ပြောသည်။
“အခုရွေးကောက်ပွဲဝင်တဲ့ ကိုယ်စားလှယ်လောင်းတွေကြည့်လိုက်ရင် စစ်တပ်ဘောမတဲ့သူနဲ့ အရက်သမားနဲ့၊ အိမ်မှာမိန်းမရိုက်တဲ့သူနဲ့ ၒန်ထမ်းအရာရှိဘဝ အသားကုန်ခိုးခဲ့တဲ့ သူခိုးအကြီးစားတွေဆိုတော့ တယောက်မှ မဲပေးချင်စိတ်မရှိဘူး။ မဲမပေးရင် ပြဿနာရှာပြီးလာဖမ်းမလားဆိုတာတော့ စိုးရိမ်တယ်။ ဖြစ်နိုင်ရင်တော့ မဲမပေးဘဲနေမယ်”ဟု မြောင်းမြမြို့မှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိတွင် ပုသိမ်နှင့်မြောင်းမြအပါအဝင် ဒေသအများအပြား၌ မဲပေးမှုပညာပေးပွဲ၊ ကြံ့ခိုင်ရေးပါတီ၏ မဲဆွယ်ပွဲတချို့တွင် မဖြစ်မနေတက်ရောက်ရန် ပြည်သူများကို ဖိအားပေးခေါ်ယူမှုတချို့ ပေါ်ပေါက် ခဲ့သော်လည်း မဲစာရင်းဖိအားပေးကြည့်ခိုင်းခြင်း၊ မဲပေးရန် ဖိအားပေးခြင်းမျိုး မရှိကြောင်း ဒေသခံများထံက သိရသည်။
“လူထုက သူတကယ်ကြိုက်တဲ့ NLD အစိုးရကို မဲပေးပြီးပြီပဲ။ သေနတ်ထောက်ပြီး မဲထည့်ခိုင်းတဲ့ ရွေးကောက်ပွဲကို မလွှဲသာလို့သာထည့်ချင်ထည့်ရမယ် ရွေးကောက်ပွဲရော ရွေးကောက်ပွဲ ဝင် ပါတီတွေရော စိတ်ဝင်စားမှာမဟုတ်ပါဘူး။ ရွေးကောက်ပွဲကို စိတ်ဝင်စားမယ့်လူတန်းစား တစ်ရပ်ပဲရှိတယ်။ အဲဒါကတော့ ပွဲလန့်တုန်း ဖျာခင်းမယ့် ပြည်သူ့မေတ္တာမရ၊ NLD နဲ့ပြိုင် ဘယ်တော့မှမနိုင်တဲ့ ခု စစ်ကော်မရှင်ရွေးကောက်ပွဲဝင် ပါတီတွေပဲရှိတယ်”ဟု NLD ပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ကန်ကြီးထောင့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကိုဝေယံအောင်က ပြောသည်။