ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁ ရက်
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံ့စီးပွားရေးနှင့် ပတ်သက်၍ အကောင်းဆုံး လုပ်ဆောင်နေသောကြောင့် အခွန်ငွေများနှင့် ပတ်သက်ပြီး မကြာမီ ဖြေလျှော့ပေးမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။
စစ်ခေါင်းဆောင်က ထိုသိုဆိုထားသော်လည်း လက်ရှိတွင် စစ်ကော်မရှင်လက်အောက်ခံ ဌာနများက အထူးကုန်စည်ခွန်နှင့် ပြည်ပရောက်အလုပ်သမားများ၏ ဝင်ငွေခွန်များကို တိုးမြှင့် ကောက်ခံ လျက်ရှိသည်။
ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံတွင် ယမန်နေ့ နိုဝင်ဘာ ၃၀ ရက်က ကျင်းပသည့် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) ၏ (၃၄) ကြိမ်မြောက် နှစ်ပတ်လည် အစည်း အဝေးတွင် စစ်ခေါင်းဆောင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

” အခွန်နဲ့ပတ်သက်လို့ မကြာခင်ကာလအတွင်းမှာ လျှော့ချပေးပေးဖို့ရှိပါတယ်။ နိုင်ငံ့စီးပွားရေးကို အကောင်းဆုံးဖြစ်အောင်လို့ မိမိတို့ဆောင်ရွက်နေတယ်။ ကုန်သည်တွေနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်တွေ ကလည်း မှန်မှန်ကန်ကန်လုပ်ငန်းလုပ်စေချင်တယ် ” ဟု ၎င်းက ဆိုသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကျပ်ငွေတန်ဖိုး သိသိသာသာ ကျဆင်းခြင်း၊ ငွေကြေးကမောက်ကမ ဖြစ်ခြင်းနှင့် ကုန်ဈေးနှုန်းများ မြင့်တက်ခြင်း စသည့် ပြဿနာများ ကြုံတွေ့နေရချိန်တွင် စစ်ခေါင်း ဆောင်က ပြောကြားလာခြင်းဖြစ်သည်။
စစ်ခေါင်းဆောင်က နိုင်ငံခြားငွေနှင့် ပတ်သက်၍ ၎င်းတာဝန်ယူချိန်မှစကာ စနစ်တကျ ဆောင်ရွက် ခဲ့ကြောင်းနှင့် ကုန်သွယ်မှုအခွန်နှင့် ပတ်သက်ပြီး အချို့နေရာများတွင် အားနည်းချက်များ ရှိသော်လည်း အကောင်းဆုံး ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် GDP တိုးတက်ရန် လိုအပ်ပြီး လယ်ယာကဏ္ဍ၊ စက်မှု ကဏ္ဍနှင့် ဝန်ဆောင်မှု ကဏ္ဍများတွင် တိုးတက်ရန် လိုအပ်ကြောင်းလည်း စစ်ခေါင်းဆောင်က ဆက်လက် ပြောကြားခဲ့သည်။
လက်ရှိတွင် ဝင်ငွေခွန်၊ အမြတ်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ယစ်မျိုးခွန်၊ အောင်ဘာလေသိန်းဆုခွန်၊ တံဆိပ်ခေါင်းခွန်၊ မြေခွန်၊ ရေခွန်နှင့် တာတမံခွန်၊ အင်းအိုင်ခွန်နှင့် ဓာတ်သတ္တုခွန်တို့ကို ပြည်တွင်း အခွန်များ ဦးစီးဌာနက ကောက်ယူလျက်ရှိသည်။
ဓာတ်ပုံ – MOI