
ငါးသိုင်းချောင်းမြို့က အငြိမ်းစားဆရာမတစ်ဦး ၎င်းနေထိုင်ရာဘော်ဒါဆောင်မှာ အသတ်ခံရ
ညိမ်းသော်/ဧရာဝတီတိုင်းမ်
(ငါးသိုင်းချောင်း)၊ စက်တင်ဘာလ ၆ ရက်
ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့၊ မြို့မရပ်ကွက်နေ အငြိမ်းစားကျောင်းဆရာမ ဒေါ်ခင်မေအုန်းမှာ ယနေ့ စက်တင်ဘာလ ၆ ရက်နေ့ မနက်ပိုင်းက ၎င်းတစ်ဦးတည်း နေထိုင်ရာ ဘော်ဒါဆောင်မှာ အသတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
သေဆုံးသူ အငြိမ်းစားကျောင်းဆရာမ ဒေါ်ခင်မေအုန်းမှာ ယနေ့မနက် ၇ နာရီဝန်းကျင်အချိန်က ၎င်းနေထိုင်ရာ မြို့မရပ်ကွက်၊ နေဝင်းလမ်းရှိ ဘော်ဒါဆောင်အတွင်း သူခိုးဝင်ရောက်သဖြင့် အော်ဟစ်အကူအညီတောင်းခံရာ အသတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
” ဒီနေ့မနက် ၇ နာရီကျော်လောက်ကပါပဲ။ ဆရာမခင်မေအုန်းက တစ်ယောတ်တည်းနေတာလေ။ သူကအပျိူကြီး။ ကျောင်းတွေမှာစာသင်ပြီး ထွက်လိုက်ပြီးတော့ဘော်ဒါထောင်ထားတာ။ ကယ်ကြပါဦး ဆိုပြီး အော်ဟစ်အကူအညီတောင်းတဲ့အသံကြားလို့ ကျွန်တော်တို့ အိမ်နီးနားချင်းတွေက သွားကြည့်တာ။ အိမ်တံခါးတွေကသော့ခတ်ထားတော့။
တံခါးတွေကိုဖျက်ပြီးဝင်ရတယ်။ အိမ်ထဲရောက်တော့ ဆရာမက ဓားဒဏ်ရာတွေနဲ့လဲနေတာတွေ့တာ။ လူနာတင်ကားခေါ်ပြီး ဆေးရုံကိုအမြန်ပို့နေတဲ့အချိန်မှာပဲ ကားပေါ်မှာတင် ဆုံးသွားတာ” ဟု ငါးသိုင်းချောင်းမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရဲတပ်ဖွဲ့နှင့်နီးစပ်သူအချို့က အငြိမ်းစားဆရာမ ဒေါ်ခင်မေအုန်းမှာ ယနေ့ ၇ နာရီအချိန်တွင် အသတ်ခံရခြင်းဖြစ်ပြီး ၇ နာရီခွဲအချိန် ဆေးရုံသို့အရောက်တွင် သေဆုံးသွားခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါဖြစ်စဥ်နှင့်ပတ်သတ်ပြီး နယ်မြေခံ ရဲတပ်ဖွဲ့မှ ရှာဖွေစစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူအချို့ထံမှ သိရသည်။
#ငါးသိုင်းချောင်း #အငြိမ်းစား #ဆရာမ #ဘော်ဒါဆောင် #အသတ်ခံရ
#Ayeyarwaddy_Times