သာယာဝတီမှာ စစ်တပ်သတင်းပေး ၂ ဦးပစ်ခတ်ခံရပြီးနောက် NLD ရပ်/ကျေးဥက္ကဌ အပါအဝင် ၃ ဦးကိုစစ်ကောင်စီဖမ်းဆီး

နိုင်း/ဧရာဝတီတိုင်းမ်

(သာယာဝတီ)၊ စက်တင်ဘာ ၆ ရက်

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီမြို့နယ်၊ မရမ်းအင်းရွာနှင့်ဘိုကြီးကုန်းရွာမှ စစ်တပ်သတင်းပေး ဆိုသူ ရာအိမ်မှူး ၂ ဦး စက်တင်ဘာလ ၄ ရက်နေ့က ပစ်ခတ်ခံရပြီးတဲ့နောက် ယင်းနေ့မှာပင် NLD ရပ်/ကျေးဥက္ကဌ အပါ အဝင် ဒေသခံ ၃ ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးသွားကြောင်း ဒေသခံများထံကသိရသည်။

ဖမ်းဆီးခံရသူများမှာ လက်ပံတုန်းကျေးရွာ NLD ရပ်ကျေးဥက္ကဌ ဦးကျော်မင်း၊ စည်ပင်ရွာ’ NLD ရပ်ကျေးဥက္ကဌ၏ ဇနီး ၊ CDM စိုက်ပျိုးရေးသိပ္ပံကျောင်းဆရာ တို့ ၃ ဦးဖြစ်ပြီး စစ်ကောင်စီတပ်နှင့်ရဲ များမှ ၎င်းတို့နေအိမ်များတွင်လာရောက် ဖမ်းဆီးသွားကြောင်း သိရသည်။

“စည်ပင်ကျေးရွာက NLD ရပ်ကျေးဥက္ကဌ ကိုတင်စိုးကိုလာဖမ်းတာ။ သူမရှိတော့ သူ့မိန်းမကို ဖမ်းသွားတာ။ လက်ပံတုန်းက ရပ်ကျေးဥက္ကဌလည်းပါသွားတယ်။ အဲ့ဒီနားကဘဲ စိုက်သိပ္ပံက CDM လုပ်ထားတဲ့ကျောင်းဆရာတယောက်လည်းပါသွားတယ်။ အမှန် တော့သူတို့တွေက ဒီဖြစ်စဉ် တွေနဲ့ဘာမှမပတ်သက်ဘူး။ သူတို့ဘက်ကပစ်ခံရတာများနေတော့

NLDပါတီဝင်တွေကိုမဲတဲ့သဘောပေါ့၊ ခုတော့စစ်ကြောရေးခေါ်သွားတယ်ကြားတယ်” ဟု ဒေသခံတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဖမ်းဆီးခံကသူများကို စစ်ကောင်စီတပ်မှ ဗိုလ်မှူး ရဲလင်းအောင် ဆိုသူ ဦးဆောင်သော သီးခြားပြုလုပ်ထားသည့် သာယာဝတီစစ်ကြောရေးသို့ ပို့ဆောင်ထားပြီး မိသားစုများနှင့်အဆက်အသွယ်ပြတ်တောက်နေကြောင်းသိရသည်။

သာယာဝတီမြို့နယ်အတွင်း စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများအား သာယာ၀တီဂဠုန် ပြောက်ကျားတပ်ဖွဲ့တို့က ပစ်ခတ်ရှင်းလင်းခြင်းဖြစ် ကြောင်းထုတ်ပြန်ထားကြောင်းသိရသည်။

#သာယာဝတီ #စစ်တပ်သတင်းပေး #NLD #ရပ်ကျေး #ဥက္ကဌ

#Ayeyarwaddy_Times