ပုသိမ်မှာ စစ်ကောင်စီက သက်သာချောင်ချိရေးခေါင်းစဥ်နဲ့ နာရီပိုင်းသာရောင်းချခဲ့လို့ လာရောက်တန်းစီသူအားလုံး ဝယ်ယူခွင့်မရခဲ့
နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ပုသိမ်)၊ စက်တင်ဘာလ ၆ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မှာ စစ်ကောင်စီက ရပ်ကွက်တွေမှာ ဈေးနူန်းသက်သာရေးခေါင်းစဥ်နဲ့ အခြေခံစားသောက်ကုန်တွေကို နာရီပိုင်းသာရောင်းချခဲ့ပြီး လာရောက်တန်းစီသူအကုန်၀ယ်ယူရရှိတာမရှိခဲ့ဘူးလို့ ဒေသခံတွေကပြောပါတယ်။
” ၁၄ ရပ်ကွက်မှာ လာရောင်းတာ။ ၂ နာရီလောက်ပဲ ကြာတယ်။ ကျွန်တော်တို့ရပ်ကွက်နေသူတွေကအခြေခံလူတန်းစားများတယ်။ တန်းစီတာကလမ်း ၂ ဖက်အပြည့်ပဲ။ ရာအိမ်မှုး၊ဆယ်အိမ်မှူးတွေ ကြိုခေါ်ထားတဲ့လူတွေလောက်ပဲ။ ရတာ တကယ်လိုအပ်နေသူတွေက ကျန်ခဲ့တယ်။ တန်းစီရတာ သူတို့ဓါတ်ပုံရိုက်ခံရဖို့သက်သက်လိုဖြစ်နေတယ်”လို့ ပုသိမ်မြို့ အမှတ် (၁၄)
ရပ်ကွက်မှာနေထိုင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စက်တင်ဘာလ ၄ရက်နေ့က ပုသိမ်မြို့၊ အမှတ် (၁၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ စစ်ကောင်စီက သက်သာချောင်ချိရေးခေါင်းစဥ်နဲ့ ဆန်တစ်ပြည် ဆီ ၅၀ သား၊ ဆားတစ်ထုပ်၊ ကြက်ဥ ၁၀ လုံး၊ ငါးသေတ္တာတို့ကို ၅၇၀၀ ကျပ် နဲ့ ရောင်းချပြီး စစ်ကောင်စီလူကြီးများ လာရောက်ဟန်ပြဓါတ်ပုံရိုက်ပြီးရပ်ကွက်က တန်းစီနေသူများပြားလာချိန်မှာတော့
အရောင်းရပ်ခဲ့တာလို့ဒေသခံတွေက ဆိုပါတယ်။
“ကျွန်တော်တို့ကတော့သွားတန်းမစီဘူး။ အစထဲက သူ့တို့လူတွေနဲ့ဇာတ်တိုက်ထားပြီးသားပဲ။ တကယ်ဆို စစ်ကောင်စီကကုန်ဈေးနူန်းကိုတည်ငြိမ်အောင် မလုပ်ပဲနဲ့ သက်သာရေးဆိုပြီးပေါ်ပင်တွေလုပ်ပြနေတာ။ စေတနာရှင်ကြီးတွေလို ဝါဒဖြန့်ချင်နေတာ။ ဒါတွေကအရင်ထဲက သူတို့ လုပ်နေကြအကွက်တွေပဲ”လို့ ဥမ္မာဒနီရပ်ကွက်မှာ နေထိုင်သူတစ်ဦးက
ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဧရာ၀တီတိုင်းမှာ စစ်ကောင်စီကသက်သာချောင်ချိရေးခေါင်းစဉ်နဲ့ ဟန်ပြစျေးရောင်းချမှုအား မြို့နယ်တချို့မှာ စက်တင်ဘာ ၄ ရက်နေ့ကစတင်ပြီး စီမံချက်နဲ့ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ဓာတ်ပုံ – ပုသိမ်မြို့နယ်စစ်ကောင်စီ
#ပုသိမ် #သက်သာချောင်ချိရေး #ခေါင်းစဥ် #စစ်ကောင်စီ #စားသောက်ကုန် #နာရီပိုင်းသာရောင်းချ
#Ayeyarwddy_Times