ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၈ ရက်
ပဲခူးတိုင်း၊ ဖြူးမြို့နယ်နှင့် အုတ်တွင်းမြို့နယ်အပိုင် ပဲခူးရိုးမပေါ်ရှိ ကျေးရွာများမှာ ဒေသခံများကို စစ်ကော်မရှင်က သုံးလအတွင်း အရပ်သား ၁၈ ဦးအထိဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ပဲခူးရိုးမ pdf ၊ ဗျူဟာ ၂၂ ထုတ်ပြန်ချက်အရ သိရသည်။
သုံးလတာအတွင်း စစ်ကော်မရှင်၏ ဖမ်းဆီးသတ်ဖြတ်ခံရသူများထဲတွင် ကိုယ်ဝန်ဆောင် အမျိုးသမီး များအပါအဝင် အမျိုးသမီးလေးဦးနှင့်အထက် သတ်ဖြတ်ခံခဲ့ရပြီး ဖြူးမြို့နယ်၊ ကွင်းချောင်းဆည် အနီးသတ်ခံရသည့် ကရင်အမျိုးသမီးနှစ်ဦးမှာ အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
“လက်ရှိက ၁၈ ဦးအသတ်ခံရတာဖြစ်တယ်။ သုံးလအတောတွင်းပေါ့နော်။ ဒီကြားထဲ တခြားနေရာတွေ မှာလည်း အသတ်ခံရတာရှိတယ်။ ဒီဘက်ခြမ်းတင်မဟုတ်ဘူး ပဲခူးရိုးပေါ် အရှေ့ခြမ်းရော အနောက် ခြမ်းရော နေရာလိုမျိုးတွေမှာ ရိုးပေါ်တက်ရှင်းရင်း ပြည်သူတွေကိုသတ်ဖြတ်တာမျိုးတွေရှိတယ်။ ဖမ်းဆီးနှိပ်စက်တာမျိုးတွေရှိတယ်။ ဖမ်းဆီးခေါ်ဆောင်သွားတာမျိုးတွေရှိတယ်” ဟု ဗျူဟာ ၂၂ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်လက်အောက်ခံ ထောက်ပို့တပ် ၄၃၆ တပ်ရင်းနှင့် ခလရ-၅ ပူးပေါင်းစစ်ကြောင်းမှာ ပြီးခဲ့သည့် ဩဂုတ် ၇ ရက်နေ့တွင် ဖြူးမြို့နယ်၊ ကျီးမနိုးရွာသို့ စစ်ကြောင်းထိုးလာပြီး ကိုယ်ဝန်ဆောင် မိခင်နှစ်ဦးအပါအဝင် ဒေသခံ ၁၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်နေ့တွင် အုတ်တွင်း-ပေါက်ခေါင်းလမ်းသို့ စစ်ကြောင်းထိုးဝင် ရောက်လာသည့် စစ်ကော်မရှင်စစ်ကြောင်းမှာ မိုင်၂၀၊ ၁၈မိုင်၊ ၁၇မိုင်၊ ၁၆ မိုင် ကျေးရွာများသို့ ဝင်ရောက်ခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး မိသားစု ငါး ဦးကိုလည်းသတ်ဖြတ်ခဲ့ကာ ဒေသခံ ၂ ဦးမှာလည်း ပျောက်ဆုံးဆဲဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ဗျူဟာ-၂၂ နယ်မြေ၊ ပဲခူးခရိုင်ထဲမှာ ဖြစ်ခဲ့တဲ့ အခုလိုသတ်ဖြတ်မှုတွေ ကျေးရွာ မီးရှို့ဖျက်ဆီးမှုကြောင့် ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုများ၊ ဌာနေကရင်တိုင်းရင်းသားပြည်သူ ထောင်ဂဏန်း စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။ ၃၇၀၁ ပဲခူးခရိုင် တပ်ရင်းအနေဖြင့် ပြည်သူများအား ဘေးလွတ်ရာနေရာများတွင် ကာကွယ်စောင့်ရှောက်ထားပြီး လိုအပ်တဲ့ ကူညီပံ့ပိုးမှုများကို ဆောင်ရွက် နေပါတယ်” ဟု ပဲခူးခရိုင် ၃၇၀၁ တပ်ရင်းမှ တပ်ရင်းမှူး ရဲဘော်မင်းခေါင် က ပြောကြားသည်။
ဓာတ်ပုံ – ပဲခူးရိုးမPDF၊ ဗျူဟာ ၂၂